စိုးသူရ
ကမ္ဘာပေါ်တွင်ပလတ်စတစ်ပစ္စည်းများကို သုံးစွဲမှုများပြားလာသည်နှင့်အမျှ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ကျန်းမာရေး ပြဿနာများ အများအပြား ဖြစ်ပွားလာနေသည်။
ကမ္ဘာပေါ်တွင် နှစ်စဉ်နှစ်တိုင်း ပလတ်စတစ်အလေးချိန် မက်ထရစ်တန် သန်း ၄၆၀ ကျော်ကို ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်သုံးစွဲနေသည်။ ယင်းပလတ်စတစ်ထုတ်ကုန်များအနက်မှ နှစ်စဉ် ပလတ်စတစ်တန်ချိန် မက်ထရစ်တန် သန်း ၂၀ ခန့်ကို ကမ္ဘာ့မြေထုနှင့် ရေထုတို့တွင် စွန့်ပစ်နေကြပြီး ၎င်းကဲ့သို့ စွန့်ပစ်မှုပမာဏသည် သက္ကရာဇ် ၂၀၄၀ ပြည့်နှစ်သို့ရောက်ရှိသည့်အချိန်တွင် သိသိသာသာ မြင့်တက်လာမည်ဟု ပညာရှင်များက ပြောကြားသည်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများမှတစ်ဆင့် ဖြစ်လာသည့် ညစ်ညမ်းမှုများသည် မြေထု၊ ရေထုနှင့် ကမ္ဘာမြေ၏ဂေဟစနစ်များအား ဆိုးကျိုး သက်ရောက်မှုများဖြစ်လာစေသည်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် ဇီဝမျိုးစုံမျိုးကွဲများ၏ ရှင်သန်မှုကို ဟန့်တားနေပြီး အကျိုးဆက်အဖြစ် ရာသီဥတုပြောင်းလဲမှုများကို ဖြစ်စေသည်။
ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းအများအပြားသည် ကင်ဆာ ဖြစ်စေနိုင်ပြီး အထူးသဖြင့် လူသားများ၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ မျိုးပွားမှု၊ အာရုံကြောဆိုင်ရာနှင့် ခုခံအားချို့ယွင်းမှုများကို ဖြစ်စေနိုင်သည်။ ပလတ်စတစ်ထုတ်ကုန်များကို သုံးစွဲပြီးနောက် မီးရှို့သည့်အခါ ဓာတုပစ္စည်းများ လေထုထဲသို့ ရောက်ရှိလာပြီး သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို ထိခိုက်စေသည်။
ပလတ်စတစ်ညစ်ညမ်းမှုများကို ထိန်းချုပ်ရေးအတွက် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကို ယခုနှစ် နိုဝင်ဘာလ ၂၅ ရက်က တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ကျင်းပပြီး ပလတ်စတစ်ညစ်ညမ်းမှု ထိန်းချုပ်ရေးကို တာဝန်ရှိသူများအကြား ဆွေးနွေးခဲ့ကြသော်လည်း အပြီးသတ် သဘောတူညီချက် ချမှတ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် ပလတ်စတစ်ထုတ်လုပ်မှုထိန်းညှိခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်။
၂၀၂၂ ခုနှစ်တွင် ချမှတ်ခဲ့သည့် ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာညီလာခံ၏ ဆုံးဖြတ်ချက်အရ ပလတ်စတစ် ညစ်ညမ်းမှုလျှော့ချရေး အပြည်ပြည်ဆိုင်ရာသဘောတူညီချက်ကို ယခုနှစ်ကုန်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။ ပလတ်စတစ် လျှော့ချရေးဆိုင်ရာ ကြိုးပမ်းမှုများကို ရေနံထုတ်လုပ်သည့်နိုင်ငံများက ဆန့်ကျင်နေသည်။ ပလတ်စတစ်အမှိုက်များကို ပြန်လည်အသုံးပြုခြင်း (သို့) စွန့်ပစ်ခြင်းလုပ်ငန်းများအတွက် ပလတ်စတစ်ထုတ်လုပ်သူများက တာဝန်ယူမှုဖြင့် ဆောင်ရွက်ရန် ယင်းအစည်းအဝေးတွင် တာဝန်ရှိသူများက တောင်းဆိုခဲ့သည်။
မကြာသေးမီက အဇာဘိုင်ဂျန်နိုင်ငံ ဗာကူမြို့တွင်ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက် ရေးဆိုင်ရာ ညီလာခံတွင်လည်း ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပွားလာသဖြင့် ပလတ်စတစ်ထုတ်လုပ်မှုလျှော့ချ ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
လက်ရှိအချိန်တွင်ကမ္ဘာ့နိုင်ငံများသည် သုံးစွဲပြီးပလတ်စတစ်ထုတ်ကုန်များကို စွန့်ပစ်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးအတွက် ဘေးကင်းစေရေး စီမံဆောင်ရွက်ရာတွင် အားနည်း ချက်များရှိနေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပလတ်စတစ်ကင်းစင်သည့် သဘာဝပတ်ဝန်းကျင်ဖြစ်လာစေရေးအတွက် ပလတ်စတစ် ထုတ်လုပ်မှု လျှော့ချခြင်း၊ ပလတ်စတစ်ထုတ်ကုန်များအား ပြန်လည်အသုံးပြုနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ခြင်းတို့အပြင် နိုင်ငံအလိုက် ပလတ်စတစ်ထိန်းချုပ်မှုဆိုင်ရာ အမျိုးသားအဆင့် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းတို့ကို စနစ်တကျစီစဉ်ဆောင်ရွက်ရန် နိုင်ငံအများအပြားက ဆောင်ရွက်နေသည်။ ကမ္ဘာကြီးသာယာလှပရေးအတွက် ပလတ်စတစ်ကင်းစင်ရေး လူတိုင်းတွင် တာဝန်ရှိကြောင်း ယခု ဆောင်းပါးဖြင့် အသိပညာပေးလိုက်ရပါသည်။
ကိုးကား - UN environment page