ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး နည်းလမ်းကောင်းများ

 

 

ပေါက်ပေါက်

 

ယနေ့ကာလတွင် ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်မှ အနက်ရှိုင်းဆုံး သမုဒ္ဒရာများအထိ ရှိနေကြသည်။ ပလတ်စတစ်အမှုန်များသည် ပင်လယ်သမုဒ္ဒရာ အစိတ်အပိုင်းအားလုံးသို့ စိမ့်ဝင်နေပြီဖြစ်ရာ အသေးငယ်ဆုံး ရေသတ္တဝါများမှသည် ဝေလငါးများအထိ ရေသတ္တဝါအားလုံးတွင် တွေ့ရသည်။ စစ်တမ်းများအရ သမုဒ္ဒရာများထဲတွင် မိုက်ခရို ပလတ်စတစ်အပိုင်းအစ ၅ ဒသမ ၂၅ ထရီလီယံရှိပြီး သမုဒ္ဒရာ၏ စတုရန်းမိုင်တိုင်းတွင် တန်ချိန် ၂၆၉၀၀ အထိရှိသော အပိုင်းအစ ၄၆၀၀၀ ခန့် ရှိနေသည်။ ပလတ်စတစ်အပိုင်းအစ  ရှစ်သန်းခန့်သည် သမုဒ္ဒရာများအတွင်းသို့ နေ့စဉ်ရောက်ရှိနေသည်။ ပင်လယ်သမုဒ္ဒရာ ဇီဝမျိုးစုံမျိုးကွဲနှင့် ရေပြင်ရှိ ဂေဟစနစ်များတွင်ဖြစ်ပေါ်နေသော ပလတ်စတစ် ညစ်ညမ်းမှု၏ ၆၀ ရာခိုင်နှုန်းသည် တစ်ခါသုံး ပလတ်စတစ်များကြောင့် ဖြစ်သည်။

ရေတစ်လီတာခန့်ပါဝင်သော ပလတ်စတစ်ဘူး တစ်ဘူးတွင် အလွန်သေးငယ်သည့် နာနိုပလတ်စတစ် အပိုင်းအစ ပေါင်း ၂၄၀၀၀၀ ကျော် ပါဝင်နေသည်ကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း ကိုလံဘီယာတက္ကသိုလ်မှ သုတေသီများက ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် သတိပေးထားသည်။ ယင်းလေ့လာမှုတွင် ပလတ်စတစ်အမှုန်ပေါင်း ၁၁၀၀၀၀ မှ ၃၇၀၀၀၀ ခန့်ပါဝင်သည့် ရေတစ်လီတာတွင် ၉၀ ရာခိုင်နှုန်း ခန့်သည် နာနိုပလတ်စတစ်များဖြစ်ကြောင်း၊ နာနိုပလတ်စတစ်များသည် အစာခြေစနစ်၊ အသက်ရှူစနစ်များသို့ ဝင်ရောက်နိုင်ကာ သွေးကြောထဲအထိ ရောက်ရှိနိုင်ကြောင်း၊ ထို့ပြင် အရေးကြီးအင်္ဂါများသို့ပါ စုပြုံရောက်ရှိနိုင်ပြီး မမွေးရသေးသည့် သန္ဓေသားထံသို့ပါ ကူးစက်လာ နိုင်ကြောင်းသိရသည်။

၂၀၂၂ ခုနှစ် မတ်လ ၂၄ ရက်နေ့ကလည်း နယ်သာလန်နိုင်ငံ ပရိဂျပ်အမ်စတာဒမ် တက္ကသိုလ် မှ သုတေသီ  အဖွဲ့တစ်ဖွဲ့သည် လူ ၂၂ ဦးကို စစ်ဆေး ခဲ့ရာ လူ ၁၇ ဦး၏ သွေးများ၌ သတိပြုမိလောက်သည့် ပလတ်စတစ် အမှုန်ပမာဏတစ်ခု ပါဝင်နေသည်ကို တွေ့ရသည်။ ယင်းအမှုန်များသည် ခန္ဓာကိုယ်အနှံ့ သွားလာနိုင်ပြီး ကိုယ်အင်္ဂါများတွင် ခိုအောင်းကာ ရောင်ရမ်းမှုကို ဖြစ်စေနိုင်ကြောင်း၊ ထို့ပြင် ၎င်းအမှုန် အမွှားများသည် အသက်ရှူလမ်းကြောင်း၊ သောက်ရေနှင့် အစားအသောက်များမှတစ်ဆင့် ဝင်ရောက်နိုင်ကြောင်း သိရသည်။

ပလတ်စတစ်ညစ်ညမ်းမှု  မရှိစေရေး လုပ်ဆောင်နေသည့် နယ်သာလန်အမျိုးသား ကျန်းမာရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနက အဆိုပါသုတေသနကို လုပ်ဆောင်ခြင်းဖြစ်ပြီး တွေ့ရှိသော မိုက်ခရို ပလတ်စတစ်များသည် အရွယ်အစားအားဖြင့် ၇၀၀ နာနိုမီတာရှိကြောင်း၊ ကမ္ဘာပေါ်တွင် နှစ်စဉ် ပလတ်စတစ်တန်ချိန်ပေါင်း သန်း ၃၀၀ ကျော် ထွက်ရှိနေပြီး ၎င်းတို့အနက် ၁၄ သန်းခန့်မှာ ပင်လယ်သမုဒ္ဒရာတွင်သာ အဆုံးသတ် သွားသည့်အတွက် ရေနေသတ္တဝါများအနေဖြင့် ထိုပလတ်စတစ်များကို စားသုံးမိကာ ထိုမှ တစ်ဆင့် အစာကွင်းဆက်အနေဖြင့် လူသားများထံ ရောက်ရှိလာနိုင်ခြင်းဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ထားသည်။

 

ပလတ်စတစ်သုံးစွဲမှု လျှော့ချနည်း

 

ဖော်ပြပါ ပလတ်စတစ်ဆိုးကျိုး အမျိုးမျိုး တို့ကြောင့် ပလတ်စတစ်အသုံးပြုမှုကို လျှော့ချ ဖြတ်တောက်ရပါမည်။ R1, R2, R3, R4 နည်းစနစ် များကိုကျင့်သုံးပြီး ပလတ်စတစ်အသုံးပြုမှု လျှော့ချရပါမည်။

R1 - Refuse ဆိုသည်မှာ ဈေးဝယ်သောအခါ ကြွပ်ကြွပ်အိတ်အသစ်ပေးလျှင် မယူပါနဲ့၊ ငြင်းပယ်ပါ။

R2 - Reduce ဆိုသော အဓိပ္ပာယ်မှာ မဖြစ်မနေ သုံးစွဲရမည်ဆိုပါက စက္ကူအိတ်ကဲ့သို့ အလွယ်တကူ ဆွေးမြည့်နိုင်သည့် ထုပ်ပိုးပစ္စည်း သို့မဟုတ်  ပြန်လည်လျှော်ဖွပ်၍ရသော ဈေးဝယ်အိတ်ကိုသုံးပါ။

R3 - Reuse ဆိုသည်မှာ မိမိအိမ်တွင် ရှိနေသည့်  ကြွပ်ကြွပ်အိတ်အဟောင်းကို မပေါက်မပြဲမချင်း ရေဆေးပြီး ပြန်လည်သုံးစွဲခြင်း ဖြစ်သည်။

R4 - Recycle ဆိုသော အဓိပ္ပာယ်မှာ တစ်နည်းတစ်ဖုံ ပြန်လည်အသုံးပြုရန် ဖြစ်ပါသည်။ ဥပမာ အိတ်ခွံအပေါက်အပြဲ ရောင်စုံတို့ကိုဖြန့်၍ ဖျာကဲ့သို့ရက်၍သော်လည်းကောင်း၊ ခန်းဆီးလိုက်ကာကဲ့သို့ သော်လည်းကောင်း တစ်နည်းနည်းအသုံးချခြင်း ဖြစ်သည်။

• အဓိကအချက်မှာ ပလတ်စတစ်ပစ္စည်း သုံးစွဲမှုကို မိမိကိုယ်ပိုင် အသိစိတ်ဓာတ်ဖြင့် လျှော့ချဖြတ်တောက်ရန် ဖြစ်ပါသည်။

 

ပလတ်စတစ်အသုံးပြုမှု လျှော့ချနည်းဆိုင်ရာ နည်းဗျူဟာများ

 

ကမ္ဘာ့နိုင်ငံအချို့တွင် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးအတွက် လက်တွေ့ကျင့်သုံးနေသောနည်း ဗျူဟာများသည် အလွန်ကောင်းမွန်သည့် စနစ်ဖြစ်သဖြင့် မိမိတို့လည်း စံနမူနာယူနိုင်ရန် သုတတစ်ရပ်အနေဖြင့် အောက်ပါတို့ကို ရေးသားဖော်ပြလိုပါသည်။

မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၀၂ ခုနှစ် (လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်) ကာလကပင် ပလတ်စတစ် အိတ်များကို ပိတ်ပင်ခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံတွင်လည်း ပလတ်စတစ်ပစ္စည်းသုံးစွဲမှုကို တားမြစ်နေပြီဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင် ပလတ် စတစ်တိုက်ဖျက်ရေးဥပဒေသစ်ကို ယမန်နှစ် ဧပြီလအတွင်းက အသက်ဝင်ခဲ့ပြီဖြစ်ရာ စီးပွားရေးလုပ်ငန်း များအနေဖြင့် တစ်ခါသုံး ပလတ်စတစ်အသုံးပြုမှုကို ဖြတ်တောက်လျက်ရှိသည်။ နီပွန်စက္ကူကုမ္ပဏီသည် စာသင်ကျောင်းများတွင် နေ့လယ်စာကျွေးချိန်၌ ကလေးငယ်များအတွက် ဖွင့်ဖောက်ရလွယ်ကူပြီး ပိုက်သုံးစရာမလိုဘဲ သောက်သုံးလို့ရသည့် နွားနို့ထည့်သည့် ကတ်ထူဘူးများ ပြုလုပ်ထားသည်။ ထို့ပြင် ဂျပန်နိုင်ငံရှိ Daio စက္ကူလုပ်ငန်းကလည်း ရေစိုနှင့် ဆီပေခံနိုင်သည့် စက္ကူအဝတ်လှန်းချိတ်နှင့် ဇွန်းများ ထုတ်လုပ်ရောင်းချနေသည်။ ဂျပန်ဓာတုဗေဒ ကုမ္ပဏီကြီးတစ်ခုသည် ၎င်း၏ လောင်စာဓာတုဗေဒပစ္စည်းများ ထုတ်လုပ်ရန်အတွက် ရေနံစိမ်းအခြေခံပစ္စည်းအစား စွန့်ပစ်ပလတ်စတစ်ကို ကုန်ကြမ်းအဖြစ်အသုံးပြုရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။

အင်္ဂလန်တွင် ပန်းကန်၊ ခွက်ယောက်များ အပါအဝင် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ အသုံးပြုခြင်းကို ပိတ်ပင်တားမြစ်သည့် “ပလတ်စတစ်စစ်ပွဲဟု အမည်ရသော အစီအစဉ်တစ်ရပ်ကို ဗြိတိန်အစိုးရက ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် ကြေညာခဲ့ပြီးဖြစ်သည်။ ယင်းအစီအစဉ်သည် သမုဒ္ဒရာအတွင်းရှိ အမှိုက်သရိုက်များနှင့် ပလတ်စတစ်ပမာဏကိုလျှော့ချရန် အထောက်အကူဖြစ်လိမ့်မည်ဖြစ်ကြောင်း ဗြိတိန် အစိုးရအဖွဲ့ ဝန်ကြီးများက ဆိုပါသည်။ စကော့တလန်၊ ဝေးလ်နှင့် မြောက်အိုင်ယာလန်တို့သည် တစ်ခါသုံး ပလတ်စတစ်များ အသုံးပြုမှုကို တားမြစ်သည့်အစီအစဉ်ရှိနှင့် ပြီးဖြစ်သည်။ အီးယူကလည်း အလားတူ အစီအစဉ်ကို ယမန်နှစ် ဇူလိုင်လမှစတင်ကာ အင်္ဂလန်၌လည်း တားမြစ်ပိတ်ပင်ရန် ဖိအားပေးခဲ့ကြောင်း လေ့လာ သိရှိရသည်။ ကင်ညာနိုင်ငံတွင်လည်း တစ်လလျှင် ခန့်မှန်းခြေ ပလတ်စတစ်အိတ် ၂၄ သန်း သုံးစွဲ လျက်ရှိရာ ကင်ညာနိုင်ငံအစိုးရက ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှစတင်၍ ပလတ်စတစ် အိတ်သုံးစွဲမှုကို တားမြစ်လိုက်ပြီး ၎င်းတို့ကိုရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် သယ်ဆောင်လာခြင်းတွေ့ရှိပါက ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၃၈ဝဝဝ သို့မဟုတ် ထောင်ဒဏ်လေးနှစ်အထိ ကျခံရမည်ဖြစ်ကြောင်းနှင့် ထိုသို့ ပလတ်စတစ်သုံးစွဲမှု တားမြစ်လိုက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

နယူးဇီလန်နိုင်ငံသည် စူပါမားကတ်များတွင် ပလတ်စတစ်အိတ်အသုံးပြုမှုကို ပိတ်ပင်တားမြစ်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာပြီး ဟင်းသီးဟင်းရွက်ထုပ်ပိုးလေ့ရှိသည့် ပါးလွှာသော ပလတ်စတစ်အိတ်များ သုံးစွဲမှုကိုပါ ပိတ်ပင်ထားသည်။ အဆိုပါ ကန့်သတ်ချက်ကို ဇူလိုင်လ ၅ ရက်နေ့က လုပ်ဆောင်နေပြီဖြစ်ကာ တစ်ခါသုံးပလတ်စတစ် အသုံးပြုမှုကို ဆန့်ကျင်သည့် အစိုးရလှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ဆောင်နေခြင်း ဖြစ်သည်။ နယူးဇီလန်တွင် ၂၀၁၉ ခုနှစ်ကတည်းက စတိုးဆိုင်အများစု၌ ပလတ်စတစ်အိတ် အသုံးပြုမှု ကို ပိတ်ပင်ပြီးနောက် ဈေးဝယ်သူအများစုသည် ပစ္စည်းထည့်ရန် ယင်းတို့၏ ကိုယ်ပိုင်အိတ်များကို ယူဆောင်လာရသည်။ ထိုနိုင်ငံတွင် အမှိုက်ပမာဏ အလွန်များပြီး ပလတ်စတစ်အမှိုက်များစွာထွက် ကြောင်း၊ ပလတ်စတစ်အိတ်များကို တားမြစ်သည့် ဥပဒေသည် ၂၀၁၉ ခုနှစ်က စတင်အသက်ဝင်ပြီး နောက် ပလတ်စတစ်အိတ်ပေါင်း တစ်ဘီလီယံ ကျော်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သဘာဝ ပတ်ဝန်းကျင်ဝန်ကြီးဖြစ်သူ Rachel Brooking က ဆိုသည်။ ယခုလှုပ်ရှားမှုအသစ်သည် တစ်နှစ်လျှင် ပလတ်စတစ်အိတ် သန်း ၁၅၀ အသုံးပြုမှုကို တားဆီးနိုင်လိမ့်မည်ဟု အာဏာပိုင်များက မျှော်လင့်ထားသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နှစ်စဉ်ပလတ်စတစ်အမှိုက်တန်ချိန် သန်းချီ ထွက်ပေါ်နေခြင်းကြောင့် တစ်ခါသုံးပလတ်စတစ်များသုံးစွဲမှု ထိန်းညှိသွားရန် ဥပဒေသစ်တစ်ရပ်ကို မကြာမီအတွင်း ချီလီအစိုးရက ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း၊ (က) စားသောက်ကုန်လုပ်ငန်းများ တွင် တစ်ခါသုံး ဇွန်း၊ ခက်ရင်း၊ ခွက်၊ ပန်းကန်များ သုံးစွဲမှုကို အဓိကထိန်းချုပ်သွားမည်ဖြစ်သကဲ့သို့ ဈေးဝယ် စင်တာများတွင်လည်း ပစ္စည်းများကို တစ်ခါသုံးပလတ်စတစ်များဖြင့် ထုပ်ပိုးခြင်းကို ထိန်းချုပ်သွားမည် ဖြစ်ကြောင်း၊ (ခ) ဤဥပဒေ သစ်သည် ချီလီနိုင်ငံအတွင်း တစ်နှစ်လျှင် ပလတ်စတစ်အမှိုက်ထွက်ရှိမှု စုစုပေါင်းပမာဏမှ တန်ချိန်ပေါင်း ၂၃၀၀၀ ကျော်အထိ လျှော့ချသွား နိုင်မည်ဖြစ်ရာ မိမိတို့နိုင်ငံ၏ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးစီမံချက်ကိုများစွာအထောက် အကူပြုစေမည်ဖြစ်ကြောင်း၊ (ဂ) တစ်ခါသုံး ပလတ်စတစ်ထုတ်လုပ်သည့် စက်ရုံများကိုလည်း ထုတ်လုပ်မှုပမာဏလျှော့ချသွားရန် ဖိအား ပေးမည်ဖြစ်ကြောင်း၊ (ဃ) အဆိုပါ တစ်ခါသုံး ပလတ်စတစ်အမှိုက်များကြောင့် ရေအောက် သတ္တဝါများ၊ ငှက်မျိုးစိတ်များ သေကျေပျက်စီး နေကြပြီး မြေဆီလွှာပျက်စီးမှုနှုန်း မြင့်မားလာကြောင်းကိုလည်း အများပြည်သူသိရှိအောင် ရှင်းလင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ (င) ချီလီနိုင်ငံဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အချို့သောကဏ္ဍများတွင် ပလတ်စတစ်သုံးစွဲမှုကို ဥပဒေ ပြဋ္ဌာန်းပြီးသည်နှင့် ချက်ချင်းအကျုံးဝင်စေမည်ဖြစ်ပြီး ပလတ်စတစ်သုံးစွဲမှုကို ရာနှုန်းပြည့် တားမြစ်သွားမည် ဖြစ်ကြောင်း၊ (စ) သို့သော် စားသောက်ဆိုင်များတွင် ပလတ်စတစ်သုံးစွဲမှုကို ရာနှုန်းပြည့်တားမြစ်သွားရန် အခက်အခဲများ ရှိနေသည့်အတွက် အကန့်အသတ်ဖြင့် သုံးစွဲခွင့်ပြု သွားမည်ဖြစ်ကြောင်း သိရသည်။

အချုပ်ဆိုသော် ကမ္ဘာကြီးတွင် ပလတ်စတစ် ထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်လာနိုင်သည်နှင့်အမျှ လူအများစု၏ နေ့စဉ်ဘဝတွင် ပလတ်စတစ်စွဲလမ်းမှု ပြဿနာများကိုပင် ကြုံတွေ့နေကြရသည်။ အကျိုးဆက်အနေဖြင့် ယခုအခါ အလွန်သေးငယ်သော ပလတ်စတစ်အမှုန်အမွှားများသည် လူသားများ၏ ခန္ဓာကိုယ်အတွင်း စတင်တွေ့ရှိနေရပြီ ဖြစ်သည်။ ပလတ်စတစ်သည် လူသားတို့ နေ့စဉ်ဘဝတွင် မရှိမဖြစ် အသုံးပြုနေရသည့်ပစ္စည်းဖြစ်သော် လည်း ပလတ်စတစ်ညစ်ညမ်းမှုသည် လူနှင့်တိရစ္ဆာန်ကိုသာမက ဂေဟစနစ်တစ်ခုလုံးပါမကျန် ဘေးဥပဒ်ပေးနိုင်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာသည်။

ပလတ်စတစ်၏ အဓိကပြဿနာမှာ ၎င်းသည် စက္ကူ၊ သစ်ရွက်မှိုက်၊ သစ်၊ ဝါး စသည့် အော်ဂဲနစ်ပစ္စည်းများကဲ့သို့ ဆွေးမြည့်ကွယ်ပျောက် သွားခြင်းမရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲနေသည်။ ထိုမျှသာမက ပလတ်စတစ်သည် မြေကြီးအတွင်း ဖြစ်စေ၊ ရေထုအတွင်းဖြစ်စေ အခြားသောဓာတ်များနှင့် ဓာတုတုံ့ပြန်မှုများဖြစ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော ဒြပ်ပေါင်းများ ထွက်ရှိလာသဖြင့် ဂေဟစနစ်ကိုလည်း ပျက်စီးစေပါသည်။ သို့ပါ၍ မိမိအပါအဝင် တစ်မိသားစုလုံးမှသည် လူထုအားလုံး နေ့စဉ်ဘဝတွင် ပလတ်စတစ်သုံးစွဲမှုကို အတတ်နိုင်ဆုံး လျှော့ချသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။