ပလတ်စတစ်သုံးစွဲမှုသည် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေပြီး ကမ္ဘာတစ်ဝှမ်းလုံး၌ တစ်စက္ကန့်လျှင် ပလတ်စတစ်အိတ်ပေါင်း ၁၆၀၀၀၀ ခန့် သုံးစွဲလျက်ရှိကာ တစ်နှစ်လျှင် ၅ ထွီလီယံခန့်အထိ သုံးစွဲမှုများရှိနေ

မင်းဘူး ဇွန် ၁၇

 

ပလတ်စတစ်သုံးဆွဲမှုသည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ဆိုးရွားစွာထိခိုက်စေပြီး ကမ္ဘာတစ်ဝှမ်းလုံး၌ တစ်စက္ကန့်လျှင် ပလတ်စတစ်အိတ်ပေါင်း ၁၆၀၀၀၀ ခန့် သုံးစွဲလျက်ရှိကာ တစ်နှစ်လျှင် ၅ ထွီလီယံခန့်အထိ သုံးစွဲမှုများရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သုတေသနမှတ်တမ်းများအရ သိရသည်။

 

ပလတ်စတစ်သုံးစွဲမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာ မြေထု၊ ရေထု၊ လေထု ညစ်ညမ်းခြင်း၊ သဘာဝအရင်းအမြစ်များ လျော့နည်းကုန်ခမ်းခြင်း၊ ပတ်ဝန်းကျင်အလှနှင့် သန့်ရှင်းမှုကိုပျက်စီးစေခြင်း၊ အပင်ပေါက်နှုန်း၊ အပင်များ ရှင်သန်ကြီးထွားနှုန်းလျော့ကျခြင်း၊ ရေအရည်အသွေးကျဆင်းပြီး ရေလမ်းကြောင်းများပိတ်ဆို့ခြင်း၊ အဏ္ဏဝါပတ်ဝန်းကျင်နှင့် အဏ္ဏဝါဂေဟစနစ်များ ညစ်ညမ်းပျက်စီးပြီး ရေနေသတ္တဝါမျိုးစိတ်များ သေကြေပျက်စီးခြင်း၊ အစာကွင်းဆက်မှတစ်ဆင့် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် သဘာဝပတ်ကျင်းနှင့် ဂေဟစနစ်များ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စွန့်ပစ်ခြင်းနှင့် ခွဲခြားစွန့်ပစ်ခြင်းများကို အထူးအလေးထားပြီး ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါ ပလတ်စတစ်များ ဆွေးမြေ့ကြေမွပျက်စီးရန် နှစ်ပေါင်း ၅၀၀ မှ ၁၀၀၀ ခန့် ကြာမြင့်နိုင်ကြောင်း သိရသည်။

 

အဆိုပါ ပလတ်စတစ် သုံးစွဲမှုများကြောင့် သဘာဝပတ်ကျင်းနှင့် ဂေဟစနစ်များ ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် ပလတ်စတစ် ကြွတ်ကြွတ်အိတ်များ သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးသုံးစွဲရေး အသိပညာပေး အစီအစဉ်များကို မကွေးတိုင်းဒေသကြီးအတွင်းက ခရိုင်နှင့် မြို့နယ်များရှိ စည်ပင်သာယာမြို့မဈေးများတွင် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ် ကြွတ်ကြွတ်အိတ်များ သုံးစွဲမှုလျှော့ချရေးနေ့အဖြစ် သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့တို့ ပူးပေါင်းပြီး ဇွန် ၁၇ ရက် (ယနေ့) နံနက်ပိုင်းက မင်းဘူးမြို့ဈေးအတွင်း ပလတ်စတစ်သုံးစွဲမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ပလတ်စတစ်ညစ်ညမ်းမှုအား ဖြေရှင်းရန်နည်းလမ်းများ၊ ထိန်းချုပ်ခြင်းနည်းလမ်း သဘောတရားများ၊ သုံးစွဲမှုလျော့ချရန်နည်းလမ်းနှင့် စည်းမျဉ်းများကို အသိပညာပေး လိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ပလတ်စတစ် ကြွတ်ကြွတ်အိတ်များအစား အင်ဖက်၊ ကြာဖက်၊ ငှက်ပျော်ဖက်နှင့် သတင်းစာစက္ကူအဟောင်းများနှင့် ဆွေးမြေ့လွယ်သော ထုတ်ပိုးမှုပစ္စည်းများအား အစားထိုးသုံးစွဲရေးကို ပညာပေးကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောသည်။

 

ထို့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုးခန်းများ၊ စားသောက်ဆိုင်များ၊ ခရိုင်နှင့် မြို့နယ်များရှိ စည်ပင်သာယာမြို့မစျေးကြီးများနှင့် လူစည်ကားရာနေရာများတွင် အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းနှင့် သိမ်းဆည်းခြင်းဆိုင်ရာများ အသိပညာပေးခြင်း၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းနှင့် သဘာဝပတ်ကျင်းရှိ မြေထု၊ ရေထု၊ လေထုညစ်ညမ်းမှုများအား ကွင်းဆင်းတိုင်းတာ စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

မောင်မောင်(မင်းဘူး)