ပါမောက္ခချုပ်များကော်မတီ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး(၁/၂၀၁၉)ကျင်းပ

ရန်ကုန်  ၃၁  မတ် 

 

ပါမောက္ခချုပ်များကော်မတီ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး(၁/၂၀၁၉)ကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပါမောက္ခချုပ်များကော်မတီအနေဖြင့် ဖွဲ့စည်းပြီးစီးသည့်အချိန်မှစ၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များကို ဇုန်(၇)ဇုန်ခွဲပြီး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင် ခဲ့ပြီး ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုလည်း ထိရောက်ပွင့်လင်းမြင်သာစွာချပြပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် ပထမအကြိမ်ပါမောက္ခချုပ်များ နှစ်ပတ်လည် ညီလာခံကိုလည်း ကျင်းပခဲ့ပြီးအဆင့်မြင့်ပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ် ပွဲနှင့်အတူ ပါမောက္ခချုပ်များကော်မတီအနေဖြင့် လုပ်ငန်းကော်မတီ(၉)ခု ဖွဲ့စည်းနိုင်ခဲ့ပါ ကြောင်း၊ ယင်းကော်မတီ(၉)ခု အနေဖြင့် တက္ကသိုလ်များ၏အရည်အသွေးဖွံ့ဖြိုး တိုးတက်မြင့်မားလာစေရန် ပူးပေါင်းဆောင်ရွက်ရာတွင် ယခုအချိန်တွင် ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်အားကောင်းစွာ ရှိလာပြီဖြစ်ပါကြောင်း။

 

တက္ကသိုလ်ဝင်ခွင့်များ၊ ဘွဲ့သင်တန်းများနှင့်ပတ်သက်သည့် အစီအစဉ်များ၊ သင်ကြားသင်ယူမှုအရည်အသွေး ကောင်းမွန်လာစေရေးဆောင်ရွက်သည့် အစီအစဉ် များ၊ အိုင်စီတီ လိုအပ်ချက်များဖြည့်ဆည်းရေး၊ အင်္ဂလိပ်စာအရည်အသွေး ကောင်းမွန် မြင့်မားလာစေရေးဆောင်ရွက်ပေးရန်နှင့် သုတေသနဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများသည် အရေးကြီးပါကြောင်း၊ သုတေသနလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ကမ္ဘာ့နိုင်ငံများ က အပြိုင်အဆိုင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် တက္ကသိုလ်များ၏ အသက်သွေးကြောသည် သုတေသနလုပ်ငန်းများပင်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ အနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာကြီး၏ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိထိရောက်မည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ပြီး တီထွင်ဆန်းသစ်မှု များကိုလည်း ဆောင်ရွက်ရန် တက္ကသိုလ်များသည်အရေးကြီးပါကြောင်း။

 

ယခုကာလများကိုပြန်လည်ကြည့်ပါက သုတေသနစာတမ်းများ ပိုမိုရေးသားလာ နိုင်သည်ကို တွေ့ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ သို့သော် ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက မိမိတို့တက္ကသိုလ်များသည် မူဝါဒပိုင်းမှစ၍ ဘွဲ့ရလူငယ် မောင်မယ်များကိုပြုစုပြီး အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရန်နှင့် လုပ်ငန်းခွင် တွင် အထောက်အကူပြုသည့် သင်တန်းများနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ တက္ကသိုလ်ဝင်ခွင့်မှ ဘွဲ့ရလူငယ်များပြုစုပျိုးထောင်ပေးရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အရေးကြီးပါကြောင်း၊ မိမိတို့၏ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများကို ညီညီညွတ်ညွတ် ပူးပေါင်းပြီး မလျော့သောဇွဲလုံ့လဖြင့် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က အမှာစကားပြောကြားပြီး ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပါမောက္ခချုပ်များကော်မတီ၏ ဒုတိယအကြိမ် နှစ်ပတ်လည် ညီလာခံကျင်းပရန် ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများနှင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ဆွေးနွေးတင်ပြသည်။

 

ထို့နောက် လုပ်ငန်းကော်မတီ(၉)ခုမှ ဥက္ကဋ္ဌများက လုပ်ငန်းကော်မတီအလိုက် ဒုတိယအကြိမ် နှစ်ပတ်လည်ညီလာခံအတွက် ဆွေးနွေးတင်ပြခဲ့ကြပြီး  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးသည်။

 

ဆက်လက်၍ အထူးပြုပညာရပ်အဖွဲ့(၈)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များက ဒုတိယ အကြိမ် နှစ်ပတ်လည်ညီလာခံအတွက် ဆွေးနွေးဆောင်ရွက်မည့် ကြိုတင်ပြင်ဆင်မှုများအား ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

 

(သတင်းစဉ်)