ပါမောက္ခချုပ်များကော်မတီဖွဲ့စည်းထားရှိမှုအခြေအနေ ပညာရေးစကားဝိုင်း

ပါမောက္ခချုပ်များကော်မတီ ဖွဲ့စည်းထားရှိမှုအခြေအနေ ပညာရေးစကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုး၊ ပါမောက္ခချုပ်များကော်မတီ ဒုတိယဥက္ကဋ္ဌ မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုး၊ ပါမောက္ခချုပ်များကော်မတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ မီမီသက်သွင်၊ ပါမောက္ခချုပ်များကော်မတီ ဗဟိုအလုပ်အမှုဆောင် သမဝါယမတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာ ရီရီဝင်းတို့၏ ပါဝင်ဆွေးနွေးမှုများကို ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။  ။ ဆရာကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး အနေနဲ့ ပါမောက္ခချုပ်များ ကော်မတီဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီးတော့ ရှင်းပြပေးပါ။

ဒေါက်တာဇော်ဝေစိုး။ ။ ပါမောက္ခချုပ်များ ကော်မတီဆိုတာ ဟိုအရင်တုန်းက မရှိဘူး။ အခု မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုကနေ ပေါ်လာတာပါ။ အဆင့်မြင့်ပညာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားပညာရေးဥပဒေ ၂၀၁၄ ထွက်ခဲ့တယ်။ ထွက်ပြီးတော့ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေဆိုတာ ၂၀၁၅ ဇွန်လထဲမှာ ထွက်လာတယ်။ အဲဒီဥပဒေအရ အမျိုးသားပညာရေး မူဝါဒကော်မရှင်ဆိုတာ ရှိတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ ပညာရေးနဲ့ပတ်သက်ရင် အဆင့်အမြင့်ဆုံး မူဝါဒအဖွဲ့အစည်း တစ်ခုလို့ ပြောလို့ရတယ်။ အဲဒီအဆင့်မြင့်ဆုံး မူဝါဒအဖွဲ့အစည်းရဲ့ အောက်မှာဖွဲ့စည်းထားတာက Curriculum ပါ။ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီဆိုတာရှိတယ်။ ပြီးတော့ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေး ကော်မတီဆိုတာ ရှိတယ်။

ပြီးရင် အဆင့်မြင့်ပညာနဲ့ ပတ်သက်ရင် ကျွန်တော်တို့ပါမောက္ခချုပ်များ ကော်မတီဆိုတာရှိတယ်။ ပါမောက္ခချုပ်များ ကော်မတီဆိုတာက ၂၀၁၈ ခုနှစ်မှာ ပေါ်လာတယ်။ ၂၀၁၈ မတ်လ ၁၂ ရက်နေ့မှာ အမျိုးသားပညာရေး မူဝါဒကော်မရှင်က နေပြီးတော့ မြန်မာပြည်မှာရှိတဲ့ တက္ကသိုလ်တွေကို ခေါ်လိုက်တယ်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နဲ့ အဆင့်မြင့် ပညာကျောင်းတွေကို အစည်းအဝေးခေါ်လိုက်တယ်။ ခေါ်ပြီးတော့ အဲဒီအစည်းအဝေးမှာ ပါမောက္ခချုပ်တွေ၊ ကျောင်းအုပ်ကြီး တွေပါတဲ့ အစည်းအဝေးလုပ်တယ်။ အဲဒီအစည်းအဝေးကနေ ပြီးတော့ ပါမောက္ခချုပ်များကော်မတီ ဖွဲ့စည်းဖို့အတွက် စီစဉ်တယ်။ အမျိုးသားပညာရေး ဥပဒေအပိုဒ် (၂၇)ထဲမှာ ဘယ်လိုပါလဲဆိုရင် ဒီအဆင့်မြင့်ပညာကျောင်းတွေနဲ့ ပတ်သက်ရင် ပေါင်းစပ်ညှိနှိုင်းမယ့် ကော်မတီဆိုတာ ဥပဒေထဲမှာ ဖွဲ့စည်းဖို့ရေးထားတယ်။ အဲဒီ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ၂၀၁၅ ထဲမှာ ရေးထားတဲ့ဟာက တက္ကသိုလ်တွေနဲ့ ဒီဂရီကောလိပ်၊ အဆင့်မြင့် ပညာကျောင်းတွေရဲ့ ကိုယ်ပိုင် စီမံခန့်ခွဲမှုကို မထိခိုက်စေဘဲ ပေါင်းစပ်ညှိနှိုင်းပေးမယ့် ကော်မတီတစ်ခုဖွဲ့မယ်ဆိုတဲ့ အဲဒီအထဲကအတိုင်းပဲ ဒီဟာကို ဖွဲ့စည်းလိုက် တယ်။ ခုနကပုဒ်မ (၂၇) အရ ပေါ်ပေါက်လာတဲ့ ပါမောက္ခချုပ်များ ကော်မတီ၊ အဲဒီထဲမှာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီလို့ ရေးထားတဲ့ဟာက အခု ပါမောက္ခချုပ်များကော်မတီဆိုပြီးတော့ ပေါ်လာတာပါ။ မတ်လ ၁၂ ရက်နေ့မှာ အစည်းအဝေး လုပ်ပြီးတော့ အဲဒီနေ့မှာ ကျွန်တော်တို့ မဲတွေပေးပြီးတော့ ရွေးလိုက်တယ်၊ အဆင့်ဆင့်အုပ်စုလိုက် ဘာသာရပ်အလိုက်တွေ အဲဒီကနေ ပြီးတော့တစ်ဆင့် ကျွန်တော်တို့ ရွေးလိုက်တဲ့အခါကျတော့ ပထမဦးဆုံး ၄၄ ဦး တကယ်တော့ မြန်မာပြည်မှာ တက္ကသိုလ်တွေအားလုံး ၁၇၃ ခုရှိတယ်။ အဲဒီထဲမှာ ကာကွယ်ရေးနဲ့ နယ်စပ်ဒေသတွေနဲ့ ပတ်သက်တဲ့၊ သာသနာရေးနဲ့ ပတ်သက်တဲ့ဟာကို ဖယ်ထုတ်လိုက်တယ်။ ဖယ်ထုတ်လိုက်ရင် အားလုံးတက္ကသိုလ်ပေါင်း ၁၆၁ ကျောင်းကျန်တယ်။ အဆင့်မြင့် ပညာကျောင်း ၁၆၁ ကျောင်းကို ခုနက ပါမောက္ခချုပ်များ ကော်မတီအနေနဲ့ဖွဲ့တယ်။

အဲဒီ ပါမောက္ခချုပ်များ ကော်မတီထဲမှာ တစ်ဆင့်ထပ်ပြီးတော့ ရွေးလိုက်တဲ့အခါကျတော့ အလုပ်အမှုဆောင်အဖွဲ့ဆိုတာ ရှိတယ်။ အဲဒါက ၄၄ ဦးပါတဲ့ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့တယ်။ အဲဒီ အလုပ်အမှုဆောင်ထဲကနေမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆိုပြီးတော့ ၁၅ ဦးပါတဲ့ ကော်မတီကိုဖွဲ့တယ်။ ၁၅ ဦးပါတဲ့ ကော်မတီမှာမှ ကျွန်တော်တို့ ရွေးလိုက်တဲ့အခါ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနဲ့ ဗဟိုကော်မတီဝင်တွေ အားလုံး ၁၅ ဦး ရှိသွားတယ်။ အဲဒီထဲမှာ ကျွန်တော်ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်ပါတယ်။ ရွေးကောက်ပြီးတော့ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံနဲ့ တရားဝင်ဒီဟာကို ထုတ်ပြန်လိုက်တာကတော့ ၂၀၁၈ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ စတင်ပြီး ဖွဲ့စည်းတယ်။ ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ အဓိကလုပ်ငန်းကတော့ ပေါင်းစပ်ညှိနှိုင်းရေးပဲ။ မူဝါဒပိုင်းဆိုင်ရာနဲ့ ပေါင်းစပ်ညှိနှိုင်းရေးပဲ။

အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို အဆင့်မြင့်ပညာနဲ့ ပတ်သက်ပြီးတော့ အလုပ်လုပ်ပေးတဲ့သဘောပါ။ အမျိုးသား ပညာရေး မူဝါဒကော်မရှင်က ပညာရေးမူဝါဒပိုင်းဆိုင်ရာ လုပ်တာဆိုတော့ ပါမောက္ခချုပ်များ ကော်မတီက အဆင့်မြင့်ပညာနဲ့ ပတ်သက်တဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို လုပ်ပေးရတာ ပါ။ တကယ်တော့ Administration  မဟုတ်ဘူး။ အုပ်ချုပ်တာမဟုတ်ဘူး။ တကယ်တော့ ကျွန်တော်တို့ တက္ကသိုလ်တွေရဲ့ အုပ်ချုပ်ရေးက အမျိုးသား ပညာရေးဥပဒေအရ သူက ပညာရေးဝန်ကြီးဌာန ကနေ စီမံပေးတာတွေကို တက္ကသိုလ်တွေက အမှန်က ဒီဥပဒေအရဆို ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ကြတာ။ ဒီတက္ကသိုလ်တွေရဲ့ ပဋိညာဉ် စာတမ်းတွေရေးပြီးတော့ အဲဒီပဋိညာဉ်စာတမ်းနဲ့အညီ တက္ကသိုလ်တွေက ကိုယ်ပိုင်ကိုယ့်ဟာကိုယ် အုပ်ချုပ်ဖို့အတွက် ဒီဥပဒေက ရေးထားတာပါ။ ဒါက နောက်ကျရင်ဖြစ်လာမယ်။ အခုဟာကတော့ ကျွန်တော်တို့က ပြောင်းလဲနေတဲ့အချိန်။ အခု ကျွန်တော်တို့ ပါမောက္ခချုပ်များကော်မတီရဲ့ အလုပ်ကလည်းပဲ ဘာကိုလုပ်ရမလဲဆိုတော့ ပေါင်းစပ်ညှိနှိုင်းတဲ့ အလုပ်ကို လုပ်ရတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Coordination Cooperation နဲ့ Negotiation တွေ လုပ်ဖို့အတွက် ဖွဲ့စည်းထားရှိခြင်း ဖြစ်ပါတယ်။

အစီအစဉ်မှူး။  ။ ပါမောက္ခချုပ်များကော်မတီရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်ဝတ္တရားတွေကိုလည်း သိပါရစေ။

ဒေါက်တာဆင့်စိုး။ ။ စောစောက တင်ပြဆွေးနွေးသွားတဲ့ အတိုင်းပဲ၊ ပါမောက္ခချုပ်များ ကော်မတီကို ဗဟိုအလုပ်အမှုဆောင် ၄၄ ဦးနဲ့ ကော်မတီဝင်များ အားလုံးက တော့ရှိတဲ့ တက္ကသိုလ်၊ ကောလိပ်များ ပါဝင်ပါတယ်။ အဲဒါကိုဖွဲ့စည်းပြီးပြီးချင်းမှာပဲ အလုပ်အမှုဆောင် ၄၄ ဦးထဲမှ ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးအနေနဲ့ ပါမောက္ခချုပ်များ ကော်မတီကို ရည်ရွယ်ချက်တွေ ပေါက်မြောက်အောင် ကော်မရှင်က တာဝန် ၁၅ ရပ် ပေးထားတာရှိပါတယ်။ ဒါတွေကို အောင်အောင်မြင်မြင်နဲ့ အကောင်အထည်ဖော်နိုင်အောင် ဖွဲ့စည်းမှုတစ်ခုကို ကျွန်တော်တို့ စဉ်းစားကြမယ်။ တစ်နည်းအားဖြင့် ဖွဲ့စည်းပုံရေးဆွဲကြမယ်၊ ဖွဲ့စည်းပြီးပြီးချင်းမှာပဲ ဒါကို ဦးစားပေးအနေနဲ့ စဉ်းစားခဲ့ကြပါတယ်။ စဉ်းစားပြီး အဖွဲ့အတွင်းမှာ ဖွဲ့စည်းပုံနဲ့ပဲ ပတ်သက်ပြီး ဦးဆုံးမူကြမ်းထွက်အောင် ပြုစုတယ်၊ ပြုစုပြီး အလုပ်အမှုဆောင် ၄၄ ဦးအထိပါဝင်ပြီး ဖွဲ့စည်းပုံမူကြမ်းနဲ့ ပတ်သက်ပြီး အစည်းအဝေးတိုင်းမှာ ဆွေးနွေးတယ်။ နိုင်ငံတကာမှာရှိတဲ့ အဆင့်မြင့်ပညာကဏ္ဍ ဖွံ့ဖြိုးအောင် ဆောင်ရွက်နေတဲ့ ကောလိပ်တွေ၊ တက္ကသိုလ်တွေ ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကိုလည်း လေ့လာတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေးအပြောင်းအလဲမှာလည်း အခြေခံပြီးကြည့်တယ်။ ဒီနှစ်ခုပေါင်းစပ်ပြီး မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တွေရဲ့ အဆင့်မြင့်ပညာကဏ္ဍ ဖွံ့ဖြိုးရေးကို ချမှတ်ထားတဲ့ ပညာရေးမူဝါဒအောက်မှာ အကောင်အထည်ဖော်နိုင်ဖို့ အတွက် လိုအပ်တဲ့ ဖွဲ့စည်းမှုတွေကို ဖွဲ့စည်းထားပါတယ်။ ဖွဲ့စည်းမှုမှာ ဥက္ကဋ္ဌ တစ်ဦး၊ ဒု-ဥက္ကဋ္ဌ နှစ်ဦးရှိတယ်။ အတွင်းရေး မှူးပါတယ်။ ဒါတွေကတော့ အဆင့်မြင့်ပညာဦးစီးဌာနက တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ကျန်တာတွေကတော့ ပါမောက္ခချုပ်များရဲ့ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်တယ်။ အားလုံး ၁၅ ဦးပါ။ ဗဟိုအလုပ်မှုဆောင်နဲ့ အလုပ်အမှုဆောင်တွေနဲ့ ပေါင်းရင် ၄၄ ဦးနှင့် ဖွဲ့စည်းထားတာရှိတယ်။ ဒီ ၄၄ ဦးက တက္ကသိုလ်အားလုံးကို ကိုယ်စားပြုပြီး ပညာရေးဖွံ့ဖြိုးအောင် ဘာလုပ်ကြမလဲဆိုတော့ အဓိကကဏ္ဍကြီး နှစ်ခုခွဲလိုက်တယ်။

ပထမတစ်ခုကတော့ တက္ကသိုလ်ရဲ့သင်ကြားမှု၊ သင်ယူလေ့ကျင့်မှု၊ စီမံခန့်ခွဲမှုတွေနဲ့ သက်ဆိုင်ပြီး တက္ကသိုလ်တွေရဲ့ လိုအပ်မယ့်ဟာတွေ ကူညီနိုင်ဖို့အတွက် လုပ်ငန်းကော်မတီဖွဲ့မည်ဆိုပြီး လုပ်ငန်းကော်မတီကိုးရပ် ဖွဲ့စည်းပုံထဲမှာ ထည့်သွင်း စဉ်းစားခဲ့တယ်။ ပြီးတော့ ဘာသာရပ်ဆိုင်ရာများ ဖွံ့ဖြိုးဖို့အတွက်လည်း အထူးပြုပညာရပ်ဆိုင်ရာ အ ဖွဲ့များ ဖွဲ့စည်းခဲ့တယ်။ ကျန်တာက လုပ်ငန်းကော်မတီများကို ပံ့ပိုးပေးဖို့အတွက်ရုံးလုပ်ငန်းဆိုင်ရာတွေ ပံ့ပိုးနိုင်ဖို့ အထောက်အကူပြု ရုံးအဖွဲ့တွေ ဖွဲ့စည်းပေးခဲ့ပါတယ်။ ခုဆိုရင် ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး အလုပ်အမှုဆောင် ၄၄ ဦးရဲ့ ဆွေးနွေးညှိနှိုင်းချက်များအပေါ် အခြေခ ပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လ၂၃ ရက်နေ့မှာ နေပြည်တော်ရှိ အားကစားရွာခန်းမမှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်တွေ၊ ကောလိပ်တွေက ပါမောက္ခချုပ်ကြီးတွေ၊ ဒုတိယပါမောက္ခချုပ်ကြီးတွေ၊ ကျောင်းအကြီးအကဲတွေ၊ ကျောင်းအုပ်ကြီးတွေ တက်ရောက်တဲ့ ပထမအကြိမ် မြန်မာနိုင်ငံရဲ့ ပါမောက္ခချုပ်များ ညီလာခံကြီးကို ကျင်းပနိုင်ခဲ့ပါတယ်။ ညီလာခံမှာလည်း ရှေ့ဆောင်ရွက်မည့်လုပ်ငန်းတွေ ချမှတ်နိုင်တယ်။ ပိုအရေးကြီးတဲ့ မှတ်တိုင်တစ်ခု အဆင့်မြင့်ပညာကဏ္ဍရဲ့ မှတ်တိုင်တစ်ခု (သို့မဟုတ်) ပြောင်းလဲလာတဲ့ မြန်မာ့ပညာရေးမှတ်တိုင် တစ်ခုအနေနဲ့ မြန်မာနိုင်ငံ ပါမောက္ခချုပ်များကော်မတီရဲ့ ဖွဲ့စည်းပုံကို အဲဒီနေ့ ညီလာခံကြီးမှာ ဆုံးဖြတ်အတည်ပြုနိုင်ခဲ့ပါတယ်။

အစီအစဉ်မှူး။ ။ ဆရာမကြီး ပါမောက္ခချုပ် ဒေါက်တာဒေါ်မီမီ သက်သွင်အနေနဲ့ ပါမောက္ခချုပ်များ ကော်မတီရဲ့ လုပ်ငန်းကော်မတီကိုးခု ဖွဲ့စည်းထားရှိမှုနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။

ဒေါက်တာမီမီသက်သွင်။ ။ ကျွန်မကတော့ ပါမောက္ခချုပ်များ ကော်မတီကိုးခုနဲ့ မိတ်ဆက်ပေးလိုပါတယ်။ ပထမဆုံး လုပ်ငန်းကော်မတီတစ်ခုကတော့ ‘မူဝါဒစီမံကိန်း ဥပဒေရေးရာလုပ်ငန်းကော်မတီ’ ဖြစ်ပါတယ်။ အဲဒီကော်မတီကို ပါမောက္ခ ဒေါက်တာကြည်ရွှင်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်ပါမောက္ခချုပ်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဆောင်ရွက်ပါတယ်။ ဒုတိယလုပ်ငန်း ကော်မတီကတော့ ‘စီမံခန့်ခွဲရေးနဲ့ ဝန်ထမ်းရေးရာလုပ်ငန်းကော်မတီ’ ဖြစ်ပါတယ်။ ပါမောက္ခဒေါက်တာသိင်္ဂီ၊ နည်းပညာ တက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ်ကနေ တာဝန်ယူဆောင်ရွက်နေပါတယ်။ တတိယမြောက် လုပ်ငန်းကော်မတီကတော့ ‘ဘဏ္ဍာရေးလုပ်ငန်း ကော်မတီ’ ဖြစ်ပါတယ်။ ပါမောက္ခ ဒေါက်တာစိုးဝင်း၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဆောင်ရွက်ပါတယ်။ နံပါတ်(၄) လုပ်ငန်းကော်မတီကတော့ ‘သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီ’ ဖြစ်ပြီး ပါမောက္ခဒေါက်တာတင်ဇော်စိုး၊ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။ ‘ကျောင်းသားရေးရာ လုပ်ငန်းကော်မတီ’ ကိုတော့ ပါမောက္ခ ဒေါက်တာဖိုးကောင်း၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။

‘နိုင်ငံတကာဆက်ဆံရေးနဲ့ ပူးပေါင်းဆက်ဆံရေး လုပ်ငန်းကော်မတီ’ ကိုတော့ ပါမောက္ခဒေါက်တာသူရဦး မုံရွာတက္ကသိုလ် ပါမောက္ခချုပ်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ ‘လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီ’ ကိုတော့ ပါမောက္ခ ဒေါက်တာခင်မောင်ဦး၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ်က တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။ ‘အားကစားရေးရာ လုပ်ငန်းကော်မတီ’ကိုတော့ ပါမောက္ခ ဒေါက်တာကျော်ကျော်ခေါင်၊ အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဆောင်ရွက်ပါတယ်။ ‘ပြန်ကြားရေးသတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ လုပ်ငန်းကော်မတီ’ ကိုတော့ ဒေါက်တာမီမီသက်သွင်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလုပ်ငန်း ကော်မတီအသီးသီးမှာ ဘာသာရပ်ဆိုင်ရာ အဖွဲ့ဝင်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အတွင်းရေးမှူးကိုတော့ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြား ရေးမှူးများက တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။

အစီအစဉ်မှူး။ ။ ဆရာမကြီး ဒေါက်တာရီရီဝင်းအနေနဲ့လည်း ပါဝင်ဆောင်ရွက်နေတဲ့ အထူးပြုပညာရပ်များ အဖွဲ့ရဲ့ လုပ်ငန်းစဉ်များကိုလည်း ပြောကြားပေးပါ။

ဒေါက်တာရီရီဝင်း။ ။ အထူးပြုပညာရပ်များ အဖွဲ့ ရှစ်ဖွဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီ ရှစ်ဖွဲ့မှာ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ် ၁၇၃ ကျောင်းထဲက ကျောင်း ၁၆၁ ကျောင်းက အထူးပြုပညာရပ်များအလိုက် အဖွဲ့များခွဲပြီး ဖွဲ့စည်းထားရှိပါတယ်။ အဖွဲ့ရှစ်ဖွဲ့မှာ ဝိဇ္ဇာသိပ္ပံပညာရပ်များ အဖွဲ့မှာ ဆရာကြီးပါမောက္ခ ဒေါက်တာ တင်မောင်ထွန်း၊ ပါမောက္ခချုပ် (အနောက်ပိုင်း တက္ကသိုလ်)က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပါတယ်။ ပြီးတော့ ဝိဇ္ဇာသိပ္ပံပညာရပ်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်ပေါင်းကျောင်း ၄၀ ပါဝင်ပါတယ်။ အင်ဂျင်နီယာနဲ့ နည်းပညာရပ်များအဖွဲ့မှာ ပါမောက္ခ ဒေါက်တာ ကြည်စိုး၊ ပါမောက္ခချုပ် (ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်)က အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပါတယ်။ အဲဒီမှာ အင်ဂျင်နီယာနဲ့နည်းပညာရပ်ဆိုင်ရာ တက္ကသိုလ် ကျောင်းပေါင်း ၃၅ ကျောင်းပါဝင်ပါတယ်။

ကွန်ပျူတာနည်းပညာရပ်များ အဖွဲ့မှာတော့ ပါမောက္ခဒေါက်တာမိုးပွင့်၊ ပါမောက္ခချုပ် (မန္တလေးကွန်ပျူတာတက္ကသိုလ်)က အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပါတယ်။ အဲဒီမှာဆိုရင် ကွန်ပျူတာ နည်းပညာရပ်များဆိုင်ရာ တက္ကသိုလ်များ ၂၇ ကျောင်း ပါဝင်ပါတယ်။ စီးပွားရေးပညာရပ်များအဖွဲ့မှာတော့ ပါမောက္ခဒေါက်တာ ဒေါ်ရီရီဝင်း၊ ပါမောက္ခချုပ် (သမဝါယမတက္ကသိုလ်) (သန်လျင်)က အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပါတယ်။ စီးပွားရေးတက္ကသိုလ်များ၊ သမဝါယမတက္ကသိုလ်များနဲ့ အမျိုးသားစီမံခန့်ခွဲမှု ဒီဂရီကောလိပ်တို့၊ သမဝါယမကော လိပ်စသည့် စုစုပေါင်း ရှစ်ကျောင်းနဲ့ ဖွဲ့စည်းပါတယ်။ ဆေးနှင့်နှီးနွှယ် ပညာရပ်များ အဖွဲ့မှာတော့ ပါမောက္ခ ဒေါက်တာ ဒေါ်မြတ်သန္တာ ပါမောက္ခချုပ်သူနာပြု တက္ကသိုလ်က အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပါတယ်။ အဲဒီမှာ ဆေးနှင့်နှီးနွှယ်ပညာရပ်များဆိုင်ရာ တ က္ကသိုလ် ၁၆ ကျောင်း ပါဝင်ပါတယ်။ ဘာသာယဉ်ကျေးမှုနဲ့ အနုပညာရပ်များအဖွဲ့မှာတော့ ပါမောက္ခ ဦးအောင်နိုင်မြင့် ပါမောက္ခချုပ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)က အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပါတယ်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်၊ အမျိုးသား ယဉ်ကျေးမှုအနုပညာတက္ကသိုလ် (ရန်ကုန်)၊ (မန္တလေး)နဲ့ ယွန်းပညာကောလိပ်(ပုဂံ) စသည့်ကျောင်း ငါးကျောင်းနဲ့ ဖွဲ့စည်းထားပါတယ်။ နောက် သစ်တော စိုက်ပျိုးရေးနဲ့ မွေးမြူရေး ပညာရပ်များအဖွဲ့မှာတော့ ပါမောက္ခဒေါက်တာမြင့်ဦး၊ ပါမောက္ခချုပ် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (ရေဆင်း) က အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပြီး သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း)စတဲ့ ကျောင်း သုံးကျောင်းနဲ့ ဖွဲ့စည်းပါတယ်။ ဆရာ အတတ်ပညာ အဖွဲ့မှာတော့ ပါမောက္ခ ဒေါက်တာဌေးဌေးမော်၊ ကျောင်းအုပ်ကြီး (ရန်ကင်းပညာရေးကောလိပ်) က အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပြီး ဆရာအတတ်ပညာသင်ကြားတဲ့ တက္ကသိုလ်၊ ကောလိပ်တွေ စုစုပေါင်း ၂၇ ကျောင်းနှင့် ဖွဲ့စည်း ထားတာဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ပါမောက္ခချုပ်များကော်မတီအနေနဲ့ ပထမအကြိမ် ညီလာခံကျင်းပခဲ့တယ်လို့ သိရပါတယ်။ လက်ရှိကော်မတီရဲ့ ဆောင်ရွက်ချက်များကိုလည်း သိပါရစေ။

ဒေါက်တာဇော်ဝေစိုး။ ။ အဆင့်မြင့်ပညာ တက္ကသိုလ်တွေက မြန်မာပြည်မှာရှိတဲ့ တက္ကသိုလ်အားလုံးက နိုင်ငံပိုင်၊ အစိုးရပိုင် တက္ကသိုလ်များ ဖြစ်ကြပါတယ်။ အရင်ကတော့ အားလုံးအပေါ်က အုပ်ချုပ်ခဲ့တယ်ဆိုတော့အဆင့်ဆင့်အုပ်ချုပ်မှုနဲ့ သွားပါတယ်။ အခုဟာက အမျိုးသားပညာရေး ဥပဒေအရ တက္ကသိုလ်တွေဟာ နောင်ကျရင် ကိုယ်ပိုင်စီမံခန့်ခွဲ အုပ်ချုပ်နိုင်တယ်။ အင်္ဂလိပ်လိုပြောရင် Autonomy ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဆင့်မြင့်ပညာကျောင်းတွေ၊ တက္ကသိုလ်တွေရဲ့ တိုးတက်ဖို့ဟာ Autonomy ဟာ သိပ်အရေး ကြီးတယ်။ ကိုယ်ပိုင်စီမံခန့်ခွဲနိုင်မှ ဒါကိုယ့်ကျောင်းနဲ့ ကိုယ့်တက္ကသိုလ်နဲ့ ကိုယ်ရဲ့ဘာသာရပ်အလိုက် တိုးတက်အောင်လုပ်လို့ရတာ။ နိုင်ငံတကာမှာလည်း ဒီလိုပဲဆိုတော့ ကျွန်တော်တို့ ဒီဥပဒေရေးထားတာလည်း ဒါနဲ့ ရေးထားတာဆိုတော့ တက္ကသိုလ်တွေရဲ့ ကိုယ်ပိုင်စီမံခန့်ခွဲမှုကို မထိခိုက်စေဘဲနဲ့ ပါမောက္ခချုပ်များ ကော်မတီက ပေါင်းစပ်ညှိနှိုင်း ပေးရမှာပါ။ ဒါကြောင့် ဒီဟာကို ဖွဲ့စည်းထားတာပါ။ အဲဒီရည်ရွယ်ချက်အောင်မြင်အောင် ညီလာခံတွေလုပ်တယ်။ အဖွဲ့အစည်းတွေ ဖွဲ့တယ်။ ဆပ်ကော်မတီတွေဖွဲ့တယ်၊ အဲဒီလိုမျိုးတွေ လုပ်ကြတာပါ။ အဲဒီမှာ တကယ်တမ်းကျတော့ ဒီလို အဖွဲ့အစည်းတွေဖွဲ့ပြီး လုပ်တဲ့အချိန်မှာ ခုနလို ၄၄ ဦး ကော်မတီဖွဲ့တယ်၊ ၁၅ ဦး ကော်မတီဖွဲ့တယ်။ အဲဒီလိုဖွဲ့တဲ့ အချိန်မှာ တကယ်တမ်းကျတော့ ကျွန်တော်တို့ ပါမောက္ခချုပ်တွေက သူ့ဟာနဲ့သူ အစကတည်းက အလုပ်ကများနေပြီးသား။ ဒီဟာတွေကို လုပ်ဖို့အတွက်ဆိုရင် လုပ်နိုင်ဖို့အတွက် အနေအထားတွေရှိမှရမှာပါ။ ဥပမာအားဖြင့် ကျွန်တော်တို့ အခုဆိုရင် ပညာရေး ဝန်ကြီးဌာနကနေပြီးတော့ တချို့ ကျွန်တော်တို့ကို အကြံဉာဏ်တောင်းတာတွေ ရှိတယ်။ သဘောထားမှတ်ချက်တွေ တောင်းတာတွေရှိတယ်။ အဲဒီလိုဟာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဒီဟာကို အမျိုးသားပညာရေး မူဝါဒကော်မရှင်ကနေ တစ်ဆင့် ကျွန်တော်တို့ကိုမေးလာတဲ့အခါ ကျွန်တော်တို့ ဖြေနိုင်ဖို့ဆိုရင် ကျွန်တော်တို့အချင်းချင်း ဆွေးနွေးဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စနစ်တည်ဆောက်ထားတယ်။ အဲဒါဘာလဲဆိုရင် အနည်းဆုံး တစ်လတစ်ကြိမ် CEC ၊ ခုနက Central က ၁၅ ဦးကော်မတီက အစည်းအဝေးလုပ်ဖို့ လိုတယ်။ ညှိနှိုင်းဖို့၊ တိုင်ပင်ဖို့လိုတယ်။ တက္ကသိုလ်တွေ တိုးတက်ရာ၊ တိုးတက်ကြောင်း ဘာတွေလုပ်မလဲဆိုတာကို ကျွန်တော်တို့ ညှိနှိုင်းဖို့လိုတယ်။

ခုနက အမျိုးသားပညာရေးမူဝါဒကော်မရှင်နဲ့ ပညာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ကျွန်တော်တို့ဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အဲဒါတွေနဲ့ ပတ်သက်တာတွေကို ကျွန်တော်တို့ ဆွေးနွေးဖို့လိုပါတယ်။ အလားတူ ၄၄ ဦးကော်မတီဆိုရင် သုံးလတစ်ကြိမ် အစည်းအဝေးလုပ်ဖို့ လုပ်ထားတယ်။ နောက် ၁၆၁ ကျောင်းလုံးပါဝင်တဲ့ နှစ်ပတ်လည် ညီလာခံကိုတော့ ကျွန်တော်တို့ တစ်နှစ်တစ်ကြိမ်ပါ။ ဒါပေမယ့် ခုလောလောဆယ် လိုအပ်ချက်အရတော့ တစ်နှစ်ကို နှစ်ကြိမ်လောက် လုပ်ဖို့စီစဉ်ထားတယ်။ အဲဒါကြောင့် ကျွန်တော်တို့ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့က ညီလာခံလုပ်တာပါ။

အဲဒီမှာ ဘယ်လိုလုပ်နေလဲဆိုတော့ tele-Conferenc-ing tele meeting ကျွန်တော်တို့ တည်ဆောက်ထားရတယ်ဆိုတော့ ဒီ CEC အဖွဲ့ဝင် ၁၅ ဦးရယ်၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ရယ်၊ ပညာရေးဝန်ကြီးဌာနရယ် ချိတ်ပြီးတော့ အခုဆိုရင် တစ်ပတ်ကို တစ်ကြိမ်ပါ။ ဗုဒ္ဓဟူးနေ့ နေ့လယ် ၁ နာရီကနေ ပြီးတော့ ၃ နာရီအထိကို အစည်းအဝေးလုပ်ပါတယ်။ ကျွန်တော်တို့ခုနကလို လူတွေတစ်ယောက်နဲ့ တစ်ယောက်တွေ့ပြီး လုပ်ဖို့ အစည်းအဝေးဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ ဒီအဖွဲ့တွေက မြန်မာတစ်ပြည်လုံးမှာရှိတဲ့ တက္ကသိုလ်တွေဆိုတော့ အဲဒါတွေ တစ်ယောက်နဲ့တစ်ယောက် အစည်းအဝေးလုပ်ဖို့ဆိုတာ မလွယ်ဘူး။ အဲဒီတော့ အခု ကျွန်တော်တို့ Idea လည်း တိုးတက်လာတော့ အခုဆိုရင် tele meeting  ပါ။ video call  တွေနဲ့ လုပ်ပြီးတော့ အစည်းအဝေးလုပ်တဲ့အခါ အဆင်ပြေပါတယ်။ အဲဒီလိုမျိုးတစ်ပတ်ကို တစ်ကြိမ် လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ တိုင်ပင်နိုင်တယ်။ broadcast တွေလုပ်လို့ ရပါတယ်။ အဲဒီလိုမျိုးနဲ့ ဆောင်ရွက်နေတယ်။ အဓိကတော့ ကျွန်တော်တို့ တက္ကသိုလ်တွေဟာ Autonomy  နဲ့သွားဖို့ အခုလောလောဆယ် အနေအထားကတော့ htransition  ပါ။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက အားလုံးက top down နဲ့ အုပ်ချုပ်ခဲ့ပြီးတော့ အဆင့်ဆင့်နဲ့ သွားခဲ့ရတာကနေပြီး Autonomy  တက္ကသိုလ်တွေကို ကိုယ်ပိုင်စီမံခန့်ခွဲမှု ပေးမယ်ဆိုရင် တက္ကသိုလ်တွေမှာ Capacity ရှိဖို့လိုတယ်။ စွမ်းရည်တွေရှိဖို့ လိုမယ်။ အရင်တုန်းက ဝန်ကြီးဌာနက လုပ်ခဲ့တာတွေကို တက္ကသိုလ်တွေက လုပ်နိုင်ဖို့လိုတယ်။ အဲဒီဟာတွေကို ကျွန်တော်တို့က တည်ဆောက်ဖို့ ကြိုးစားနေတဲ့အချိန်ပါ။

အဲဒီမှာ Autonomy ဆိုရင် အဓိကက ကျွန်တော်တို့ တက္ကသိုလ်တွေမှာ ပဋိညာဉ်စာတမ်းလိုတယ်။ တက္ကသိုလ်မှာ အဓိက အကျဆုံး အဖွဲ့အစည်းကတော့ တက္ကသိုလ်ကောင်စီပဲ။ ပဋိညာဉ်စာတမ်းရေးရမယ်။ ရေးပြီးတော့ တက္ကသိုလ်ကောင်စီကို ဖွဲ့စည်းရမယ်။ တက္ကသိုလ်ကောင်စီမှာ ဘယ်သူတွေပါလဲလို့မေးရင် ကျောင်းသားတွေရဲ့ ကိုယ်စားလှယ်၊ အခုဆိုရင်တော့ ကျောင်းသားသမဂ္ဂတွေပါ။ ဆရာတွေရဲ့ ကိုယ်စားလှယ်၊ ဆရာများသမဂ္ဂ လည်းပါတယ်။ ကျောင်းသားဟောင်းအဖွဲ့တွေပါတယ်။ တက္ကသိုလ်ထဲမှာရှိတဲ့ ဌာနတွေပါတယ်။ ပါမောက္ခတွေပါတယ်။ ပါမောက္ခချုပ်တွေပါတယ်။ ဒီတက္ကသိုလ် ကောင်စီမှာ ပါမောက္ခချုပ်ဆိုတာ အခုဟာကတော့ နိုင်ငံတော်ကနေပြီးတော့ခန့်တာပါ။ ကျွန်တော်ထင်တယ်။ နောင်တစ်ချိန်ကျရင် ဒါဟာ ရွေးကောက်တင်မြှောက်တဲ့ ပါမောက္ခချုပ်တွေပေါ်လာမယ်။

ကျွန်တော်တို့ တက္ကသိုလ်ထဲမှာရှိတဲ့ ပါမောက္ခတွေထဲက နေပြီးတော့ ခုနက တက္ကသိုလ်ကောင်စီကနေ ရွေးပြီးတော့ ရွေးကောက်တင်မြှောက်လိုက်တဲ့ ပါမောက္ခချုပ်ပါ။ အဲဒီပါမောက္ခချုပ်ကို နိုင်ငံတော်ကနေ အသိအမှတ်ပြုပေးတဲ့ ပုံစံမျိုးဖြစ်လာဖို့ များတယ်။ အဲဒီလိုမျိုးနဲ့ဆိုရင် တက္ကသိုလ်တွေဟာ ကိုယ့်ဘာသာကိုယ်စီမံ၊ အပေါ်ကနေလာတာမျိုး မဟုတ်တော့ဘူး။ ကိုယ့်ဟာကိုယ် ရွေးကောက်တင်မြှောက်တယ်။ ကိုယ့်ဟာကိုယ် Manage လုပ်တယ်ဆိုတာတွေ ဖြစ်လာတယ်။ အဲဒီကို ကျွန်တော်တို့ သွားနေတယ်။
(ဆက်လက်ဖော်ပြပါမည်)