ပါမောက္ခချုပ်များကော်မတီဖွဲ့စည်းထားရှိမှုအခြေအနေ ပညာရေးစကားဝိုင်း

သတင်းအဖွဲ့

ပါမောက္ခချုပ်များကော်မတီ ဖွဲ့စည်းထားရှိမှုအခြေအနေ ပညာရေးစကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဆေးတက္ကသိုလ်(၁)ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ ပါမောက္ခချုပ်များကော်မတီ ဒုတိယဥက္ကဋ္ဌ မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုး၊ ပါမောက္ခချုပ်များကော်မတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်၊ ပါမောက္ခချုပ်များကော်မတီ ဗဟိုအလုပ်အမှုဆောင် သမဝါယမတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းတို့၏ ပါဝင်ဆွေးနွေးမှုများကို ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။ ။ ဆရာကြီး ပါမောက္ခဒေါက်တာ ဇော်ဝေစိုးအနေနဲ့ ပါမောက္ခချုပ်များကော်မတီ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီးတော့ ရှင်းပြ ပေးပါ။

ဒေါက်တာဇော်ဝေစိုး။ ။ ပါမောက္ခချုပ်များ ကော်မတီဆိုတာ ဟိုအရင်တုန်းကမရှိဘူး။ အခု မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုကနေ ပေါ်လာတာပါ။ အဆင့်မြင့်ပညာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားပညာရေး ဥပဒေ ၂၀၁၄ ထွက်ခဲ့တယ်။ ထွက်ပြီးတော့ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေဆိုတာ ၂၀၁၅ ခုနှစ်ဇွန်လထဲမှာ ထွက်လာတယ်။ အဲဒီဥပဒေအရ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဆိုတာ ရှိတယ်။ ကျွန်တော်တို့မြန်မာပြည်မှာ ပညာရေးနဲ့ပတ်သက်ရင် အဆင့်အမြင့်ဆုံးမူဝါဒ အဖွဲ့အစည်းတစ်ခုလို့ ပြောလို့ရတယ်။ အဲဒီအဆင့်မြင့်ဆုံး မူဝါဒအဖွဲ့အစည်းရဲ့အောက်မှာ ဖွဲ့စည်းထားတာက Curriculum ပါ။ အမျိုးသားသင်ရိုညွှန်းတမ်း ကော်မတီဆိုတာရှိတယ်။ ပြီးတော့ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ရေး ကော်မတီဆိုတာရှိတယ်။

ပါမောက္ခချုပ်များကော်မတီဖွဲ့စည်း

ပြီးရင် အဆင့်မြင့်ပညာနဲ့ပတ်သက်ရင် ကျွန်တော်တို့ ပါမောက္ခချုပ်များ ကော်မတီဆိုတာ ရှိတယ်။ ပါမောက္ခချုပ်များ ကော်မတီဆိုတာက ၂၀၁၈ ခုနှစ်မှာပေါ်လာတယ်။ ၂၀၁၈ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ အမျိုးသားပညာရေး မူဝါဒကော်မရှင်ကနေပြီးတော့ မြန်မာပြည်မှာရှိတဲ့ တက္ကသိုလ်တွေကို ခေါ်လိုက်တယ်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နဲ့ အဆင့်မြင့် ပညာကျောင်းတွေကို အစည်းအဝေးခေါ်လိုက်တယ်။ ခေါ်ပြီးတော့ အဲဒီအစည်းအဝေးမှာ ပါမောက္ခချုပ်တွေ၊ ကျောင်းအုပ်ကြီးတွေပါတဲ့ အစည်းအဝေးလုပ်တယ်။ အဲဒီအစည်းအဝေးကနေပြီးတော့ ပါမောက္ခချုပ်များကော်မတီ ဖွဲ့စည်းဖို့အတွက် စီစဉ်တယ်။ အမျိုးသားပညာရေး ဥပဒေအပိုဒ် (၂၇) ထဲမှာ ဘယ်လိုပါလဲဆိုရင် ဒီအဆင့်မြင့်ပညာကျောင်းတွေနဲ့ ပတ်သက်ရင် ပေါင်းစပ်ညှိနှိုင်းမယ့်က ော်မတီဆိုတာ ဥပဒေထဲမှာ ဖွဲ့စည်းဖို့ ရေးထားတယ်။ အဲဒီ အမျိုးသားပညာရေး ဥပဒေကိုပြင်ဆင်တဲ့ဥပဒေ ၂၀၁၅ ထဲမှာ ရေးထားတဲ့ဟာက တက္ကသိုလ်တွေနဲ့ ဒီဂရီကောလိပ်၊ အဆင့်မြင့်ပညာကျောင်းတွေရဲ့ ကိုယ်ပိုင်စီမံခန့်ခွဲမှုကို မထိခိုက်စေဘဲ ပေါင်းစပ်ညှိနှိုင်းပေးမယ့် ကော်မတီတစ်ခု ဖွဲ့မယ်ဆိုတဲ့ အဲဒီအထဲကအတိုင်းပဲ ဒီဟာကိုဖွဲ့စည်းလိုက်တယ်။ ခုနက ပုဒ်မ (၂၇) အရ ပေါ်ပေါက်လာတဲ့ ပါမောက္ခချုပ်များကော်မတီ၊ အဲဒီအထဲမှာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီလို့ ရေးထားတဲ့ဟာက အခုပါမောက္ခချုပ်များကော်မတီ ဆိုပြီးတော့ ပေါ်လာတာပါ။ မတ်လ ၁၂ ရက်နေ့မှာ အစည်းအဝေး လုပ်ပြီးတော အဲဒီနေ့မှာ ကျွန်တော်တို့ မဲတွေပေးပြီးတော့ ရွေးလိုက်တယ်၊ အဆင့်ဆင့်အုပ်စုလိုက်၊ ဘာသာရပ်အလိုက်တွေ အဲဒီကနေပြီးတော့တစ်ဆင့် ကျွန်တော်တို့ ရွေးလိုက်တဲ့အခါကျတော့ ပထမဦးဆုံး ၄၄ ဦး၊ တကယ်တော့ မြန်မာပြည်မှာ တက္ကသိုလ်တွေအားလုံး ၁၇၃ ခုရှိတယ်။ အဲဒီအထဲမှာ ကာကွယ်ရေးနဲ့၊ နယ်စပ်ဒေသတွေနဲ့ ပတ်သက်တဲ့၊ သာသနာရေးနဲ့ပတ်သက်တဲ့ဟာကို ဖယ်ထုတ်လိုက်တယ်။ ဖယ်ထုတ်လိုက်ရင် အားလုံးတက္ကသိုလ်ပေါင်း ၁၆၁ ကျောင်း ကျန်တယ်။ အဆင့်မြင့် ပညာကျောင်း ၁၆၁ ကျောင်းကို ခုနက ပါမောက္ခချုပ်များကော်မတီ အနေနဲ့ဖွဲ့တယ်။

အလုပ်အမှုဆောင်အဖွဲ့

အဲဒီပါမောက္ခချုပ်များ ကော်မတီထဲမှာ တစ်ဆင့်ထပ်ပြီးတော့ ရွေးလိုက်တဲ့အခါကျတော့ အလုပ်အမှုဆောင်အဖွဲ့ဆိုတာရှိတယ်။ အဲဒါက ၄၄ ဦးပါတဲ့ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့တယ်။ အဲဒီအလုပ်အမှုဆောင်တွေထဲကနေမှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ ဆိုပြီးတော့ ၁၅ ဦးပါတဲ့ ကော်မတီကိုဖွဲ့တယ်။ ၁၅ ဦးပါတဲ့ ကော်မတီမှာမှ ကျွန်တော်တို့ရွေးလိုက်တဲ့အခါ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ ဗဟိုကော်မတီဝင်တွေ အားလုံး ၁၅ ဦး ရှိသွားတယ်။ အဲဒီအထဲမှာ ကျွန်တော်ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်ပါတယ်။ ရွေးကောက်ပြီးတော့ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံနဲ့ တရားဝင် ဒီဟာကို ထုတ်ပြန်လိုက်တာကတော့ ၂၀၁၈ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ စတင်ပြီး ဖွဲ့စည်းတယ်။ ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ အဓိက လုပ်ငန်းကတော့ မူဝါဒပိုင်းဆိုင်ရာ နဲ့ ပေါင်းစပ်ညှိနှိုင်း ရေးပဲ။

မူဝါဒပိုင်းဆိုင်ရာ

အမျိုးသားပညာရေး မူဝါဒကော်မရှင်ကို အဆင့်မြင့်ပညာနဲ့ပတ်သက်ပြီးတော့ အလုပ်လုပ်ပေးတဲ့သဘောပါ။ အမျိုးသားပညာရေး မူဝါဒကော်မရှင်က ပညာရေးမူဝါဒပိုင်းဆိုင်ရာ လုပ်တာဆိုတော့ ပါမောက္ခချုပ်များ ကော်မတီက အဆင့်မြင့်ပညာနဲ့ပတ်သက်တဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို လုပ်ပေးရတာပါ။ တကယ်တော့ Administration  မဟုတ်ဘူး။ အုပ်ချုပ်တာ မဟုတ်ဘူး။ တကယ်တော့ ကျွန်တော်တို့တက္ကသိုလ်တွေရဲ့ အုပ်ချုပ်ရေးက အမျိုးသား ပညာရေးဥပဒေအရ သူက ပညာရေးဝန်ကြီးဌာနကနေ စီမံပေးတာတွေကို တက္ကသိုလ်တွေက အမှန်က ဒီဥပဒေအရဆို ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ကြတာ။ ဒီတက္ကသိုလ်တွေရဲ့ ပဋိညာဉ်စာတမ်းတွေရေးပြီးတော့ အဲဒီပဋိညာဉ်စာတမ်းနဲ့အညီ တက္ကသိုလ်တွေက ကိုယ်ပိုင် ကိုယ့်ဟာကိုယ် အုပ်ချုပ်ဖို့အတွက် ဒီဥပဒေက ရေးထားတာပါ။ ဒါကနောက်ကျရင် ဖြစ်လာမယ်။ အခုဟာကတော့ ကျွန်တော်တို့က ပြောင်းလဲနေတဲ့အချိန်။ အခု ကျွန်တော်တို့ပါမောက္ခချုပ်များကော်မတီရဲ့ အလုပ်ကလည်းပဲ ဘာကိုလုပ်ရမလဲဆိုတော့ ပေါင်းစပ်ညှိနှိုင်းတဲ့အလုပ်ကို လုပ်ရတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ ဃသသမိငညအေငသည Coordination Coo-peration  နဲ့ Negotiation တွေလုပ်ဖို့အတွက် ဖွဲ့စည်း ထားရှိခြင်း ဖြစ်ပါတယ်

အစီအစဉ်မှူး။ ။ ပါမောက္ခချုပ်များ ကော်မတီရဲ့ ဖွဲ့စည်းပုံနဲ့လုပ်ငန်းတာဝန်ဝတ္တရား တွေကိုလည်း သိပါရစေ။

ဒေါက်တာဆင့်စိုး။ ။ စောစောက တင်ပြဆွေးနွေးသွားတဲ့ အတိုင်းပဲ၊ ပါမောက္ခချုပ်များ ကော်မတီကို ဗဟိုအလုပ်အမှုဆောင် ၄၄ ဦးနဲ့ ကော်မတီဝင်များအားလုံးကတော့ ရှိတဲ့တက္ကသိုလ်၊ ကောလိပ်များ ပါဝင်ပါတယ်။ အဲဒါကို ဖွဲ့စည်းပြီးပြီးချင်းမှာပဲ အလုပ်အမှုဆောင် ၄၄ ဦးထဲမှ ဗဟိုအလုပ်အမှုဆောင် ၁၅ ဦး အနေနဲ့ ပါမောက္ခချုပ်များကော်မတီကို ရည်ရွယ်ချက်တွေပေါက်မြောက်အောင် ကော်မရှင်က တာဝန် ၁၅ ရပ်ပေးထားတာရှိပါတယ်။ ဒါတွေကို အောင်အောင်မြင်မြင်နဲ့ အကောင်အထည်ဖော်နိုင်အောင် ဖွဲ့စည်းမှုတစ်ခုကို ကျွန်တော်တို့ စဉ်းစားကြမယ်။ တစ်နည်းအားဖြင့် ဖွဲ့စည်းပုံရေးဆွဲကြမယ်၊ ဖွဲ့စည်းပြီးပြီးချင်းမှာပဲ ဒါကို ဦးစားပေးအနေနဲ့ စဉ်းစားခဲ့ကြပါတယ်။ စဉ်းစားပြီး အဖွဲ့အတွင်းမှာ ဖွဲ့စည်းပုံနဲ့ပဲပတ်သက်ပြီး ဦးဆုံးမူကြမ်း ထွက်အောင်ပြုစုတယ်၊ ပြုစုပြီး အလုပ်အမှုဆောင် ၄၄ ဦးအထိ ပါဝင်ပြီး ဖွဲ့စည်းပုံမူကြမ်းနဲ့ပတ်သက်ပြီး အစည်းအဝေးတိုင်းမှာ ဆွေးနွေးတယ်။ နိုင်ငံတကာမှာရှိတဲ့ အဆင့်မြင့်ပညာ ကဏ္ဍဖွံ့ဖြိုးအောင် ဆောင်ရွက်နေတဲ့ ကောလိပ်တွေ၊ တက္ကသိုလ်တွေ၊ ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကိုလည်း လေ့လာတယ်

မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေးအပြောင်းအလဲမှာလည်း အခြေခံပြီးကြည့်တယ်၊ ဒီနှစ်ခု ပေါင်းစပ်ပြီး မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တွေရဲ့ အဆင့်မြင့်ပညာကဏ္ဍ ဖွံ့ဖြိုးရေးကို ချမှတ်ထားတဲ့ ပညာရေးမူဝါဒအောက်မှာ အကောင်အထည် ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ ဖွဲ့စည်းမှုတွေကို ဖွဲ့စည်းထားပါတယ်။ ဖွဲ့စည်းမှုမှာ ဥက္ကဋ္ဌ တစ်ဦး၊ ဒု-ဥက္ကဋ္ဌ နှစ်ဦးရှိတယ်။ အတွင်းရေးမှူးပါတယ်။ ဒါတွေကတော့ အဆင့်မြင့်ပညာဦးစီးဌာနက တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ကျန်တာတွေကတော့ ပါမောက္ခချုပ်များရဲ့ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်တယ်။ အားလုံး ၁၅ ဦးပါ၊ ဗဟိုအလုပ်အမှုဆောင်နဲ့ အလုပ်အမှုဆောင်တွေနဲ့ ပေါင်းရင်၄၄ ဦးနှင့် ဖွဲ့စည်းထားတာရှိတယ်။ ဒီ ၄၄ ဦးက တက္ကသိုလ်အားလုံးကို ကိုယ်စားပြုပြီး ပညာရေးဖွံ့ဖြိုးအောင် ဘာလုပ်ကြမလဲဆိုတော့ အဓိကကဏ္ဍကြီး နှစ်ခုခွဲလိုက်တယ်။

ဆုံးဖြတ်အတည်ပြု

ပထမတစ်ခုကတော့ တက္ကသိုလ်ရဲ့သင်ကြားမှု၊ သင်ယူလေ့ကျင့်မှု၊ စီမံခန့်ခွဲမှုတွေနဲ့သက်ဆိုင်ပြီး တက္ကသိုလ်တွေရဲ့ လိုအပ်မယ့်ဟာတွေ ကူညီနိုင်ဖို့အတွက် လုပ်ငန်းကော်မတီ ဖွဲ့မည်ဆိုပြီး လုပ်ငန်းကော်မတီ ကိုးရပ်ဖွဲ့စည်းပုံထဲမှာ ထည့်သွင်းစဉ်းစားခဲ့တယ်။ ပြီးတော့ဘာသာရပ်ဆိုင်ရာများ ဖွံ့ဖြိုးဖို့အတွက်လည်း အထူးပြု ပညာရပ်ဆိုင်ရာအဖွဲ့များ ဖွဲ့စည်းခဲ့တယ်။ ကျန်တာက လုပ်ငန်းကော်မတီများကို ပံ့ပိုးပေးဖို့အတွက် ရုံးလုပ်ငန်း ဆိုင်ရာတွေပံ့ပိုးနိုင်ဖို့ အထောက်အကူပြု ရုံးအဖွဲ့တွေဖွဲ့စည်းပေးခဲ့ပါတယ်။ ခုဆိုရင် ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး အလုပ်အမှုဆောင် ၄၄ ဦးရဲ့ ဆွေးနွေးညှိနှိုင်းချက်များအပေါ် အခြေခံပြီး ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့မှာ နေပြည်တော်ရှိ အားကစားရွာခန်းမမှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်တွေ၊ ကောလိပ်တွေက ပါမောက္ခချုပ်ကြီးတွေ၊ ဒုတိယပါမောက္ခချုပ်ကြီးတွေ၊ ကျောင်းအကြီး အကဲတွေ၊ ကျောင်းအုပ်ကြီးတွေ တက်ရောက်တဲ့ ပထမအကြိမ် မြန်မာနိုင်ငံရဲ့ ပါမောက္ခချုပ်များ ညီလာခံကြီးကို ကျင်းပနိုင်ခဲ့ပါတယ်။ ညီလာခံမှာလည်း ရှေ့ဆောင်ရွက်မည့်လုပ်ငန်းတွေ ချမှတ်နိုင်တယ်။ ပိုအရေးကြီးတဲ့ မှတ်တိုင်တစ်ခု အဆင့်မြင့်ပညာကဏ္ဍရဲ့ မှတ်တိုင်တစ်ခု(သို့မဟုတ်) ပြောင်းလဲလာတဲ့ မြန်မာ့ပညာရေး မှတ်တိုင်တစ်ခုအနေနဲ့ မြန်မာနိုင်ငံ ပါမောက္ခချုပ်များ ကော်မတီရဲ့ဖွဲ့စည်းပုံကို အဲဒီနေ့ ညီလာခံကြီးမှာ ဆုံးဖြတ်အတည်ပြု နိုင်ခဲ့ပါတယ်။

အစီအစဉ်မှူး။ ။ ဆရာမကြီး ပါမောက္ခချုပ် ဒေါက်တာဒေါ်မီမီသက်သွင် အနေနဲ့ ပါမောက္ခချုပ်များကော်မတီရဲ့ လုပ်ငန်းကော်မတီ ကိုးခုဖွဲ့စည်းထားရှိမှုနဲ့ပတ်သက်ပြီး ရှင်းပြပေးပါ။

ဒေါက်တာမီမီသက်သွင်။ ။ ကျွန်မကတော့ ပါမောက္ခချုပ်များကော်မတီ ကိုးခုနဲ့မိတ်ဆက်ပေးလိုပါတယ်။ ပထမဆုံး လုပ်ငန်းကော်မတီတစ်ခုကတော့ မူဝါဒစီမံကိန်း ဥပဒေရေးရာလုပ်ငန်း ကော်မတီ ဖြစ်ပါတယ်။ အဲဒီကော်မတီကို ပါမောက္ခဒေါက်တာကြည်ရွှင် နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဆောင်ရွက်ပါတယ်။ ဒုတိယလုပ်ငန်းကော်မတီကတော့ စီမံခန့်ခွဲရေးနဲ့ ဝန်ထမ်းရေးရာ လုပ်ငန်းကော်မတီ ဖြစ်ပါတယ်။ ပါမောက္ခဒေါက်တာသိင်္ဂီ နည်းပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ်ကနေ တာဝန်ယူဆောင်ရွက်နေပါတယ်။ တတိယမြောက် လုပ်ငန်းကော်မတီကတော့ ဘဏ္ဍာရေး လုပ်ငန်းကော်မတီ ဖြစ်ပါတယ်။ ပါမောက္ခ ဒေါက်တာစိုးဝင်း မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဆောင်ရွက်ပါတယ်။ နံပါတ်(၄) လုပ်ငန်းကော်မတီကတော့ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီ ဖြစ်ပြီး ပါမောက္ခဒေါက်တာတင်ဇော်စိုး အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး) ပါမောက္ခချုပ်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။ ကျောင်းသား ရေးရာလုပ်ငန်းကော်မတီကိုတော့ ပါမောက္ခ ဒေါက်တာ ဖိုးကောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။

တာဝန်ယူဆောင်ရွက်

နိုင်ငံတကာဆက်ဆံရေးနဲ့ ပူးပေါင်းဆက်ဆံရေး လုပ်ငန်းကော်မတီကိုတော့ ပါမောက္ခဒေါက်တာသူရဦး မုံရွာတက္ကသိုလ် ပါမောက္ခချုပ်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဆောင်ရွက်လျက် ရှိပါတယ်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီကိုတော့ ပါမောက္ခဒေါက်တာခင်မောင်ဦး မကွေးတက္ကသိုလ် ပါမောက္ခချုပ်က တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ အားကစားရေးရာ လုပ်ငန်းကော်မတီကိုတော့ ပါမောက္ခဒေါက်တာ ကျော်ကျော်ခေါင် အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဆောင်ရွက်ပါတယ်။ ပြန်ကြားရေး သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ လုပ်ငန်းကော်မတီကိုတော့ ဒေါက်တာမီမီသက်သွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်က ဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလုပ်ငန်း ကော်မတီအသီးသီးမှာ ဘာသာရပ်ဆိုင်ရာ အဖွဲ့ဝင်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အတွင်းရေးမှူးကိုတော့ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြား ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများက တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်

အစီအစဉ်မှူး။ ။ ဆရာမကြီး ဒေါက်တာရီရီဝင်းအနေနဲ့လည်း ပါဝင်ဆောင်ရွက်နေတဲ့ အထူးပြုပညာရပ်များအဖွဲ့ရဲ့ လုပ်ငန်းစဉ်များကိုလည်းပြောကြားပေးပါ။

ဒေါက်တာရီရီဝင်း။ ။ အထူးပြုပညာရပ်များ အဖွဲ့ရှစ်ဖွဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီ ရှစ်ဖွဲ့မှာ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ် ၁၇၃ ကျောင်းထဲက ကျောင်း ၁၆၁ ကျောင်းက အထူးပြုပညာရပ်များအလိုက် အဖွဲ့များခွဲပြီး ဖွဲ့စည်းထားရှိပါတယ်။ အဖွဲ့ရှစ်ဖွဲ့မှာ ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များအဖွဲ့မှာ ဆရာကြီး ပါမောက္ခဒေါက်တာ တင်မောင်ထွန်း ပါမောက္ခချုပ် အနောက်ပိုင်းတက္ကသိုလ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပါတယ်။ ပြီးတော့ ဝိဇ္ဇာ၊ သိပ္ပံပညာရပ်ဆိုင်ရာ တ က္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်ပေါင်းကျောင်း ၄၀ ပါဝင်ပါတယ်။

အင်ဂျင်နီယာနဲ့ နည်းပညာရပ်များအဖွဲ့မှာ ပါမောက္ခဒေါက်တာကြည်စိုး ပါမောက္ခချုပ် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်က အဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက်ပါတယ်။ အဲဒီမှာ အင်ဂျင်နီယာနဲ့ နည်းပညာရပ်ဆိုင်ရာ တ က္ကသိုလ်ကျောင်းပေါင်း ၃၅ ကျောင်း ပါဝင်ပါတယ်။

အသီးသီးဖွဲ့စည်း

ကွန်ပျူတာနည်းပညာရပ်များ အဖွဲ့မှာတော့ပါမောက္ခ ဒေါက်တာမိုးပွင့်၊ ပါမောက္ခချုပ် မန္တလေး ကွန်ပျူတာတက္ကသိုလ်က အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပါတယ်။ အဲဒီမှာဆိုရင် ကွန်ပျူတာနည်းပညာ ရပ်များဆိုင်ရာ တက္ကသိုလ်များ ၂၇ ကျောင်း ပါဝင်ပါတယ်။ စီးပွားရေးပညာရပ်များ အဖွဲ့မှာတော့ ပါမောက္ခဒေါက်တာ ဒေါ်ရီရီဝင်း ပါမောက္ခချုပ် သမဝါယမတက္ကသိုလ် (သန်လျင်) က အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပါတယ်။ စီးပွားရေးတက္ကသိုလ်များ၊ သမဝါယမတက္ကသိုလ်များနဲ့ အမျိုးသား စီမံခန့်ခွဲမှု ဒီဂရီကောလိပ်တို့၊ သမဝါယမကောလိပ် စသည့်စုစုပေါင်း ရှစ်ကျောင်းနဲ့ ဖွဲ့စည်းပါတယ်။ ဆေးနှင့်နှီးနွှယ် ပညာရပ်များအဖွဲ့မှာတော့ ပါမောက္ခဒေါက်တာ ဒေါ်မြတ်သန္တာ ပါမောက္ခချုပ် သူနာပြုတက္ကသိုလ်က အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပါတယ်။ အဲဒီမှာ ဆေးနှင့်နှီးနွှယ်ပညာရပ်များဆိုင်ရာ တက္ကသိုလ် ၁၆ ကျောင်း ပါဝင်ပါတယ်။ ဘာသာ၊ ယဉ်ကျေးမှုနဲ့ အနုပညာရပ်များအဖွဲ့မှာတော့ ပါမောက္ခဦးအောင်နိုင်မြင့် ပါမောက္ခချုပ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)က အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပါတယ်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်၊ အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ် (ရန်ကုန်)၊ (မန္တလေး)နဲ့ ယွန်းပညာ ကောလိပ်(ပုဂံ) စသည့် ကျောင်း ငါးကျောင်းနဲ့ ဖွဲ့စည်း ထားပါတယ်။ နောက် သစ်တော၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ပညာရပ်များအဖွဲ့မှာတော့ ပါမောက္ခ ဒေါက်တာမြင့်ဦး ပါမောက္ခချုပ် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်(ရေဆင်း)က အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပြီး သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ် (ရေဆင်း) စတဲ့ ကျောင်းသုံးကျောင်းနဲ့ ဖွဲ့စည်းပါတယ်။ ဆရာအတတ်ပညာ အဖွဲ့မှာတော ပါမောက္ခဒေါက်တာဌေးဌေးမော် ကျောင်းအုပ်ကြီး ရန်ကင်းပညာရေး ကောလိပ်က အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပြီး ဆရာအတတ်ပညာ သင်ကြားတဲ့တက္ကသိုလ်၊ ကောလိပ်တွေ စုစုပေါင်း ၂၇ ကျောင်းနှင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ပါမောက္ခချုပ်များ ကော်မတီအနေနဲ့ ပထမအကြိမ်ညီလာခံ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ လက်ရှိကော်မတီရဲ့ လက်ရှိကော်မတီရဲ့  ဆောင်ရွက်ချက်များကိုလည်း သိပါရစေ။

ဒေါက်တာဇော်ဝေစိုး။ ။ အဆင့်မြင့်ပညာတက္ကသိုလ်တွေ က မြန်မာပြည်မှာရှိတဲ့ တက္ကသိုလ်အားလုံးက နိုင်ငံပိုင်၊ အစိုးရပိုင်တက္ကသိုလ်များ ဖြစ်ကြပါတယ်။ အရင်ကတော့ အားလုံးအပေါ်က အုပ်ချုပ်ခဲ့တယ်ဆိုတော့ အဆင့်ဆင့်အုပ်ချုပ်မှုနဲ့ သွားပါတယ်။ အခုဟာက အမျိုးသားပညာရေးဥပဒေအရ တက္ကသိုလ်တွေဟာ နောင်ကျရင် ကိုယ်ပိုင်စီမံခန့်ခွဲ အုပ်ချုပ်နိုင်တယ်။ အင်္ဂလိပ်လို ပြောရင် Autonomy ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဆင့်မြင့်ပညာကျောင်းတွေ၊ တက္ကသိုလ်တွေရဲ့ တိုးတက်ဖို့ဟာ Autonomy ဟာ သိပ်အရေးကြီးတယ်။ ကိုယ်ပိုင်စီမံခန့်ခွဲနိုင်မှ ဒါကိုယ့်ကျောင်းနဲ့ ကိုယ့်တက္ကသိုလ်နဲ့ ကိုယ်ရဲ့ဘာသာရပ်အလိုက် တိုးတက်အောင် လုပ်လို့ရတာ။ နိုင်ငံတကာမှာလည်း ဒီလိုပဲဆိုတော့ ကျွန်တော်တို့ ဒီဥပဒေရေးထားတာလည်း ဒါနဲ့ရေးထားတာဆိုတော့ တက္ကသိုလ်တွေရဲ့ ကိုယ်ပိုင်စီမံခန့်ခွဲမှုကို မထိခိုက်စေဘဲနဲ့ ပါမောက္ခချုပ်များ ကော်မတီက ပေါင်းစပ်ညှိနှိုင်းပေးရမှာပါ။ ဒါကြောင့် ဒီဟာကို ဖွဲ့စည်းထားတာပါ။ အဲဒီရည်ရွယ်ချက် အောင်မြင်အောင် ညီလာခံတွေလုပ်တယ်။ အဖွဲ့အစည်းတွေဖွဲ့တယ်။ ဆပ်ကော်မတီတွေဖွဲ့တယ်၊ အဲဒီလိုမျိုးတွေ လုပ်ကြတာပါ။ အဲဒီမှာ တကယ်တမ်းကျတော့ ဒီလိုအဖွဲ့အစည်းတွေဖွဲ့ပြီး လုပ်တဲ့အချိန်မှာ ခုနလို ၄၄ ဦး ကော်မတီဖွဲ့တယ်၊ ၁၅ ဦး ကော်မတီဖွဲ့တယ်။ အဲဒီလိုဖွဲ့တဲ့အချိန်မှာ တကယ်တမ်းကျတော့ ကျွန်တော်တို့ ပါမောက္ခချုပ်တွေက သူ့ဟာနဲ့သူ အစကတည်းက အလုပ်ကများနေပြီးသား။ ဒီဟာတွေကို လုပ်ဖို့အတွက်ဆိုရင် လုပ်နိုင်ဖို့အတွက် အနေအထားတွေရှိမှရမှာပါ။ ဥပမာအားဖြင့် ကျွန်တော်တို့အခုဆိုရင် ပညာရေးဝန်ကြီးဌာနကနေပြီးတော့ တချို့ကျွန်တော်တို့ကို အကြံဉာဏ်တောင်းတာတွေရှိတယ်။ သဘောထားမှတ်ချက်တွေ တောင်းတာတွေရှိတယ်။ အဲဒီလိုဟာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဒီဟာကို အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ကနေတစ်ဆင့် ကျွန်တော်တို့ကိုမေးလာတဲ့အခါ ကျွန်တော်တို့ ဖြေနိုင်ဖို့ဆိုရင် ကျွန်တော်တို့အချင်းချင်း ဆွေးနွေးဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စနစ်တည်ဆောက်ထားတယ်။ အဲဒါ ဘာလဲဆိုရင် အနည်းဆုံးတစ်လ တစ်ကြိမ် CEC  ၊ ခုနက Central က ၁၅ ဦးကော်မတီက အစည်းအဝေး လုပ်ဖို့လိုတယ်။ ညှိနှိုင်းဖို့၊ တိုင်ပင်ဖို့လိုတယ်။ တက္ကသိုလ်တွေ တိုးတက်ရာ၊ တိုးတက်ကြောင်း ဘာတွေလုပ်မလဲဆိုတာကို ကျွန်တော်တို့ ညှိနှိုင်းဖို့လိုတယ်။

နှစ်ပတ်လည်ညီလာခံ

ခုနက အမျိုးသားပညာရေးမူဝါဒကော်မရှင်နဲ့ ပညာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ကျွန်တော်တို့ဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အဲဒါတွေနဲ့ပတ်သက်တာတွေကို ကျွန်တော်တို့ ဆွေးနွေးဖို့လိုပါတယ်။ အလားတူ ၄၄ ဦးကော်မတီဆိုရင် သုံးလတစ်ကြိမ် အစည်းအဝေးလုပ်ဖို့ လုပ်ထားတယ်။ နောက် ၁၆၁ ကျောင်းလုံးပါဝင်တဲ့ နှစ်ပတ်လည် ညီလာခံကိုတော့ကျွန်တော်တို့ တစ်နှစ်တစ်ကြိမ်ပါ။ ဒါပေမယ့်ခုလောလောဆယ် လိုအပ်ချက်အရတော့ တစ်နှစ်ကို နှစ်ကြိမ်လောက်လုပ်ဖို့ စီစဉ်ထားတယ်။ အဲဒါကြောင့်  ကျွန်တော်တို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က ညီလာခံလုပ်တာပါ။

အဲဒီမှာ ဘယ်လိုလုပ်နေလဲဆိုတော့ tele–conferencing tele meeting ကျွန်တော်တို့တည်ဆောက်ထားရတယ်ဆိုတော့ ဒီ CEC အဖွဲ့ဝင်၁၅ ဦးရယ်၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ရယ်၊ ပညာရေးဝန်ကြီးဌာနရယ် ချိတ်ပြီးတော့ အခုဆိုရင်တစ်ပတ်ကို တစ်ကြိမ်ပါ။ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီကနေ ပြီးတော့ ၃ နာရီအထိကို အစည်းအဝေးလုပ်ပါတယ်။ ကျွန်တော်တို့ ခုနကလို လူတွေတစ်ယောက်နဲ့တစ်ယောက် တွေ့ပြီးလုပ်ဖို့ အစည်းအဝေးဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ ဒီအဖွဲ့တွေက မြန်မာတစ်ပြည်လုံးမှာရှိတဲ့ တက္ကသိုလ်တွေဆိုတော့ အဲဒါတွေ တစ်ယောက်နဲ့တစ်ယောက် အစည်းအဝေးလုပ်ဖို့ဆိုတာ မလွယ်ဘူး။ အဲဒီတော့ အခု ကျွန်တော်တို့ Idea လည်း တိုးတက်လာတော့ အခုဆိုရင် ftele meeting  ပါ။ video cal တွေနဲ့လုပ်ပြီးတော့ အစည်းအဝေးလုပ်တဲ့အခါ အဆင်ပြေပါတယ်။ အဲဒီလိုမျိုး တစ်ပတ်ကို တစ်ကြိမ် လုပ်ခြင်းအားဖြင် ကျွန်တော်တို့ တိုင်ပင်နိုင်တယ်။ broadcast တွေလုပ်လို့ရပါတယ်။ အဲဒီလိုမျိုးနဲ့ ဆောင်ရွက်နေတယ်။ အဓိကကတော့ကျွန်တော်တို့ တက္ကသိုလ်တွေဟာ Autonomy နဲ့သွားဖို့အခုလောလောဆယ် အနေအထားကတော့ htransition  ပါ။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက အားလုံးက top down နဲ့ အုပ်ချုပ်ခဲ့ပြီးတော့ အဆင့်ဆင့်နဲ့ သွားခဲ့ရတာ ကနေပြီး Autonomy  တက္ကသိုလ်တွေကို ကိုယ်ပိုင်စီမံခန့်ခွဲမှုပေးမယ်ဆိုရင် တက္ကသိုလ်တွေမှာ Capacity  ရှိဖို့လိုတယ်။ စွမ်းရည်တွေရှိဖို့လိုမယ်။ အရင်တုန်းက ဝန်ကြီးဌာနက လုပ်ခဲ့တာတွေကို တက္ကသိုလ်တွေက လုပ်နိုင်ဖို့လိုတယ်။ အဲဒီဟာတွေကို ကျွန်တော်တို့က တည်ဆောက်ဖို့ ကြိုးစားနေတဲ့အချိန်ပါ ။

ဋိညာဉ်စာတမ်းလိုအပ်

အဲဒီမှာ Autonomy  ဆိုရင် အဓိကက ကျွန်တော်တို့တက္ကသိုလ်တွေမှာ ပဋိညာဉ်စာတမ်း လိုအပ်တယ်။ တက္ကသိုလ်မှာ အဓိကအကျဆုံး အဖွဲ့အစည်းကတော့ တက္ကသိုလ်ကောင်စီပဲ။ ပဋိညာဉ်စာတမ်းရေးရမယ်။ ရေးပြီးတော့ တက္ကသိုလ်ကောင်စီကို ဖွဲ့စည်းရမယ်။ တက္ကသိုလ်ကောင်စီမှာ ဘယ်သူတွေပါလဲလို့မေးရင် ကျောင်းသားတွေရဲ့ကိုယ်စားလှယ်၊ အခုဆိုရင်တော့ ကျောင်းသားသမဂ္ဂတွေပါ။ ဆရာတွေရဲ့ ကိုယ်စားလှယ်၊ ဆရာများသမဂ္ဂလည်းပါတယ်။ ကျောင်းသားဟောင်းအဖွဲ့တွေ ပါတယ်။ တက္ကသိုလ်ထဲမှာရှိတဲ့ ဌာနတွေပါတယ်။ ပါမောက္ခတွေပါတယ်။ ပါမောက္ခချုပ်တွေပါတယ်။ ဒီတက္ကသိုလ်ကောင်စီမှာ ပါမောက္ခချုပ်ဆိုတာ အခုဟာကတော့ နိုင်ငံတော်ကနေပြီးတော့ ခန့်တာပါ။ ကျွန်တော်ထင်တယ်။ နောင်တစ်ချိန်ကျရင် ဒါဟာ ရွေးကောက်တင်မြှောက်တဲ့ ပါမောက္ခချုပ်တွေ ပေါ်လာမယ်။ ကျွန်တော်တို့ တက္ကသိုလ်ထဲမှာရှိတဲ့ ပါမောက္ခတွေထဲကနေပြီးတော့ ခုနကတက္ကသိုလ်ကောင်စီကနေရွေးပြီးတော့ ရွေးကောက်တင်မြှောက်လိုက်တဲ့ ပါမောက္ခချုပ်ပါ။ အဲဒီပါမောက္ခချုပ်ကို နိုင်ငံတော်ကနေ အသိအမှတ်ပြု ပေးတဲ့ ပုံစံမျိုးဖြစ်လာဖို့များတယ်။ အဲဒီလိုမျိုးနဲ့ဆိုရင် တက္ကသိုလ်တွေဟာ ကိုယ့်ဘာသာကိုယ်စီမံ၊ အပေါ်ကနေ လာတာမျိုး မဟုတ်တော့ဘူး။ ကိုယ့်ဟာကိုယ် ရွေးကောက်တင်မြှောက်တယ်။ ကိုယ့်ဟာကို Manage လုပ်တယ်ဆိုတာတွေ ဖြစ်လာတယ်။ အဲဒီကို ကျွန်တော်တို့သွားနေတယ်။

(ဆက်လက်ဖော်ပြပါမည်)