ပနားမား အကျဉ်းထောင်တိုက်ခိုက်မှုအတွင်း ၁၂ဦးသေဆုံး

ပနားမားမြို့ရှိ အကျဉ်းထောင်တစ်ခုတွင် ယမန်နေ့က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ ၁၂ဦး သေဆုံးခဲ့ပြီး ၁၃ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

ပနားမားမြို့ အရှေ့ဘက် ၂၅ ကီလိုမီတာအကွာရှိ လာဂျိုရီတာအကျဉ်းထောင်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ပစ္စတိုသေနတ် ငါးလက်နှင့် ပြောင်းရှည်ရိုင်ဖယ်သေနတ်သုံးလက် အပါအဝင် လက်နက်များကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

အဆိုပါ ပစ်ခတ်မှုမှာ အကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကျဉ်းထောင်အတွင်း ဂိုဏ်းအဖွဲ့များအကြား ယှဉ်ပြိုင်ခြင်းများကြောင့် ဆူပူမှုဖြစ်ပွားခဲ့ရာမှ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပနားမားနိုင်ငံ၏ ဒုတိယရဲချုပ် အဲလက်စီ မူနော့ဇ်က ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်