ပန်းအိပ်မက်တို့ကို ရှင်သန်စေသူ စာ‌ရေးဆရာမကြီး မစန္ဒာ

 

 

တင်တင်ဝင်း (စာပေဗိမာန်)

 

(ယမန်နေ့မှအဆက်)

 

ဆရာအောင်သင်းကလည်း “မြန်မာဝတ္ထုတိုများ တွင်း၌ မစန္ဒာ၏ဝတ္ထုတိုများထဲတွင် “ရေခဲခြစ်နှင့် ရေခဲချစ်” ဝတ္ထုတိုကို ကြိုက်နှစ်သက်သည်။ ထိုဝတ္ထု၏ ထူးခြားချက်မှာ ရေးဟန်သွက်လက် မြူးကြွခြင်း ဖြစ်သည်။ ဝတ္ထု၏ ဇာတ်ကောင်ဖြစ်သော လင်မယား နှစ်ယောက်၏ ပဋိပက္ခကို ရေးဖွဲ့ထားပုံမှာ အလွန်ပျော်စရာကောင်းလှသည်။ ကျွန်တော်သဘောကျ သောအချက်မှာ ဇာတ်ကောင်စရိုက်နှင့် လိုက်ဖက်သော စကားသံနှင့်အမူအရာ သရုပ်ဖော်မှု ဖြစ်သည်။ ဤဝတ္ထုကောင်းခြင်းမှာ ဇာတ်ကောင်များ၏ စရိုက် နှင့်ဘဝများ ပေါ်လွင်ခြင်းကြောင့်ဖြစ်သည်” ဟု ရေးသားခဲ့ပါသည်။

 

ဆရာမ၏ စိတ်နေစိတ်ထား

 

ကျွန်မတို့က “မမချို” ဟုခေါ်သော ဆရာမ၏ အမည်ရင်းမှာ ဒေါ်ချိုချိုတင် ဖြစ်သည်။ မမချိုနှင့် မရင်းနှီးခင် ကျွန်မတို့မှာ မမချို၏ ဖခင်ကြီး ဦးထွန်းတင် (စာရေးဆရာကြီးမန်းတင်) နှင့် ဦးစွာ ရင်းနှီးခဲ့ရပါသည်။ ဆရာကြီးမန်းတင်မှာ အငြိမ်းစား သံအမတ်ကြီး၊ ပြန်ကြားရေးဌာန အတွင်းဝန်၊ သတင်းနှင့်စာနယ်ဇင်း ဦးဆောင်ညွှန်ကြားရေးမှူး၊ နိုင်ငံတော်ကောင်စီဝင်ဖြစ်ပြီး စာရေးဆရာအဖြစ် ထင်ရှားသူဖြစ်သည်။ စာပေဗိမာန်တွင် အကြံပေးအရာရှိအဖြစ် ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံစာပေ လုပ်သားအဖွဲ့ ဥက္ကဋ္ဌတာဝန်ကိုလည်း ထမ်းဆောင်သည်။ ထို့ကြောင့် စာပေဗိမာန်ရုံးတွင် ရုံးခန်းရှိသည်။ နေ့စဉ်မဟုတ်သော်လည်း တစ်ပတ်သုံးရက်ခန့် ရုံးလာတတ်သည်။ ထိုချိန်က ဆရာမမှာ “ဂျီဟော သူ”၊ “ငယ်သူမို့ မသိပါ” စသည့် ဝတ္ထုများဖြင့် စတင် ကျော်ကြားနေပြီး ကျွန်မတို့ အသည်းစွဲဆရာမ ဖြစ်နေခဲ့ပြီဖြစ်သည်။ ဆရာကြီးရုံးခန်းသို့ ဆရာမရောက် လာသည့်အခါ သွားရောက်ငေးမောရသည်။

 

နောက်ပိုင်းတွင် ဆရာမသည် ဖခင်၏ စာပေအမွေကို ဆက်ခံကာ စာပေဗိမာန်၏ မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်လာသည်။ အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်၊ စာပေ ဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်၊ ပခုက္ကူ ဦးအုံးဖေစာပေဆု ရွေးချယ်ရေးအဖွဲ့ဝင်အဖြစ် စာပေ ဗိမာန်ရုံးသို့ မကြာခဏရောက်ခဲ့သည်။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့၏ ဗဟိုအမှုဆောင် ကော်မတီဝင်ဖြစ်လာသောအခါ ပို၍ အရောက်အပေါက်များလာခဲ့သည်။ ဗိသုကာပညာနှင့် စာပေ အနုပညာကို တစ်ပြိုင်တည်းအောင်မြင်စွာ ဆောင်ရွက် နေသူအဖြစ် လေးစားအားကျခဲ့ရသည်။ ဆရာမ ကိုယ်တိုင်လည်း စာရေးဆရာမဘဝကို မြတ်နိုးကာ ဗိသုကာဘဝကိုလည်း တန်ဖိုးထားသည်ဟု ဆိုပါသည်။

 

ဆရာမ၏စာများမှတစ်ဆင့် ဆရာမ၏ နှလုံးသားနှင့် စေတနာကို မြင်ဖူးခဲ့သည်။ လူနှင့် ဝန်းကျင်အပေါ် စာနာစိတ်နှင့်အတူ ကောင်းမွန်သောလူ့အဖွဲ့ အစည်းအဖြစ် တည့်မတ်စေရန် ကြိုးပမ်းအားထုတ်မှုကို သူ၏ စာပေလက်ရာများမှတစ်ဆင့် ထင်လင်းစွာ တွေ့ရသည်။ လူချင်းခင်မင်ခွင့်ရသောအခါ ဆရာမ ၏ ဖြူစင်ပွင့်လင်းသော စိတ်နေစိတ်ထား၊ ရိုးသား ဖြောင့်မတ်မှုနှင့်အတူ ပတ်ဝန်းကျင်ကို ကူညီ စောင့်ရှောက်လိုသည့် မေတ္တာပြည့်ဝသူအဖြစ် လေးစားရသည်။

 

မမချိုနှင့် စာပေအဖွဲ့အစည်းများ၊ အစည်းအဝေး များတွင် တွဲဖက်ဆောင်ရွက်ခဲ့ရာမှ ဆရာမ၏ စိတ်နေစိတ်ထားကို သိမြင်လာခဲ့ရသည်။ အဆောက် အအုံသစ်ကြီးတစ်ခုတွင် စာပေဆိုင်ရာ အစည်း အဝေးတစ်ခုကျင်းပရာ “အဲဒါ မမဆွဲတဲ့ ဒီဇိုင်းပေါ့” ဟု အသံတိုးတိုးဖြင့် ပြောပြဖူးသည်။ ဆရာမသည် ခင်ပွန်းဖြစ်သူ ဗိသုကာဦးစန်းမောင်နှင့် တွဲဖက်၍ ဒဂုန်စင်တာ၊ ပုလဲကွန်ဒို၊ ဝါဝါဝင်း တာဝါ၊ ထွန်းဖောင် ဒေးရှင်းဘဏ်အပါအဝင် အခြားအဆောက်အအုံ များစွာကို ဒီဇိုင်းရေးဆွဲခဲ့သူ ဖြစ်သည်။

 

မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် ဂျပန်နိုင်ငံ၊ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ SVA တို့ ပူးတွဲ၍ ကလေးစာပေဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ ဆရာမလည်း ပါဝင်တက်ရောက်သည်။ အလုပ်ရုံဆွေးနွေးပွဲအတွင်း ဆရာမသည် အခြား လူငယ်များနည်းတူ ကိုယ်တိုင်ဇာတ်လမ်းရေး၊ ကိုယ်တိုင်သရုပ်ဖော်ပြီး ပြန်လည်တင်ဆက်သည်။ သင်တန်းဆင်းပွဲ၌ ဆရာမက “အခုလို ကလေးစာပေ သင်ကြားခွင့်ရတာ (SVA) ကို ကျေးဇူးတင်မိတယ်။ တကယ်တော့ ကျွန်မအတွက် ကလေးစာပေ ဖန်တီး ရတာဟာ ဝတ္ထုရေးရတာထက် ပိုပြီးခက်တယ်၊ ကြိုးစားပြီး ကလေးစာပေတွေ ရေးနိုင်ဖို့ ကြိုးစားပါဦးမယ်” ဟု ပြောကြားခဲ့သည်ကို အမှတ်ရမိသည်။

 

မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၊ မြန်မာနိုင်ငံစာရေးဆရာအသင်းတို့တွင် ဗဟိုအမှုဆောင် ကော်မတီဝင်မှ ဥက္ကဋ္ဌနေရာအထိ တာဝန်ထမ်း ဆောင်ခဲ့ရာ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်တတ်သူဖြစ်သည်။ စာဆိုတော်နေ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားတွင် ဧည့်ခံကျွေးမွေးရေးဥက္ကဋ္ဌ တာဝန်ဖြင့် မြို့တော်ခန်းမ မြက်ခင်းပြင်တွင် မုန့်ဟင်းခါးဖြင့် ဧည့်ခံရာနေရာသို့ မိုးမလင်းမီရောက်နှင့်နေပြီး ဖြစ်သည်။

 

စာပေဆုရွေးချယ်ရေးအဖွဲ့များတွင်လည်း မိမိဘာသာရပ်တွင် တိကျစွာ စိစစ်ရွေးချယ်၏။ ဆန္ဒာဂတိ၊ ဘယာဂတိ ကင်းစွာ ဆုံးဖြတ်တတ်သကဲ့သို့ မိမိရွေးချယ်မှုအပေါ် အပြည့်အဝ တာဝန်ယူတတ်သူဖြစ်သည်။ မရမကတောင်းခံသော မဂ္ဂဇင်းစာမူများကို အချိန်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မိမိ၏ များပြားလှသော တာဝန်များအတွင်းမှ မဖြစ်ဖြစ်အောင် ရေးပို့တတ်၏။

 

ဆရာမသည် ဘဝသရုပ်ဖော်ဖွဲ့၊ မေတ္တာဖွဲ့ ဝတ္ထုများကို ရေးသားရာတွင် မိမိ၏အတွေ့အကြုံ၊ အဖြစ်အပျက်များကို အခြေခံ၍ ရေးသားလေ့ရှိသည်ဟု ထင်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် ပြင်ပတွင်လည်း မိမိ၏ မိဘမောင်နှမ မိသားစုများနှင့် စည်းလုံး ပျော်ရွှင်စွာ နေထိုင်လေ့ရှိသကဲ့သို့ မိတ်ဆွေသူငယ်ချင်းများအပေါ်တွင် ပြုံးရွှင်သောမျက်နှာဖြင့် ရင်းနှီး နွေးထွေးစွာ ပေါင်းသင်းဆက်ဆံသူ ဖြစ်ပါသည်။ မိတ်ဆွေများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းကူညီ တတ်သူဖြစ်သဖြင့် စာရေးဆရာအသိုင်းအဝိုင်းက ကြီးငယ်မဟူ ဆရာမကို လေးစားချစ်ခင်ကြပါသည်။ မိမိ၏ စာဖတ်ပရိသတ်ကိုလည်း တန်ဖိုးထားသူ ဖြစ်ပါသည်။

 

အမျိုးသားစာပေတစ်သက်တာစာပေဆု ချီးမြှင့်ခံရမှုနှင့်ပတ်သက်၍ ဆရာမကို ကြေးမုံသတင်းစာက တွေ့ဆုံမေးမြန်းရာတွင် -

 

“တစ်သက်တာ စာပေဆုဆိုတာ ကိုယ်တစ်သက်လုံး နှစ်ပေါင်းများစွာ ရေးသားခဲ့တဲ့ စာတွေအပေါ်မှာ အကဲဖြတ်ပြီး ရွေးချယ်တာဖြစ်လို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ တိုင်းပြည်လည်း အေးချမ်းမယ်၊ ပြည်သူအများလည်း ကျန်းမာပျော်ရွှင်နေကြမယ် ဆိုရင်တော့ ပိုပြီးပျော်ရွှင်မိမှာပါ။ စာပေနဲ့ပတ်သက်လို့ကတော့ လူငယ်တွေမကဘဲ လူကြီးတွေပါအားလုံး စာဖတ်ကြပါလို့ ပြောချင်ပါတယ်။ ကျွန်မကြားဖူးတာက ကံချင်းတူရင် ဉာဏ်ရှိတဲ့သူက သာတယ်၊ ကံနဲ့ဉာဏ်တူရင် ဝီရိယရှိတဲ့သူက သာတယ်၊ ကံဉာဏ် ဝီရိယတူရင် စာဖတ်တဲ့သူက သာတယ်တဲ့။ စာကြည့်တိုက်တွေနဲ့ အင်တာနက်ကို အကျိုးရှိရှိ အသုံးချသူများလာရင် ကျွန်မတို့ တိုင်းပြည် အများကြီးတိုးတက်လာမှာပါ” ဟု မှတ်သားဖွယ် ပြောကြားခဲ့ပါသည်။

 

ဆရာမသည် ခင်ပွန်းဖြစ်သူ ဗိသုကာ ဦးစန်း မောင်၊ သားသမီးများ၊ မောင်နှမများနှင့်အတူ အမှတ် ၁၇၃၊ ကျွန်းရွှေမြိုင်လမ်း၊ ၂၃ ရပ်ကွက်၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့တွင် နေထိုင်လျက် ရှိပါသည်။

 

ယခုအခါ ဆရာမသည် အသက် ၇၅ နှစ်အရွယ် စာရေးသက် နှစ် ၆၀ နီးပါးရှိပြီ ဖြစ်သော်လည်း ဆရာမ မစန္ဒာ၏ လက်ရာများမှာ ယခုတိုင် စာဖတ်ပရိသတ်၏ရင်ထဲတွင် နုပျိုလင်းလက်ဆဲ ဖြစ်ပါသည်။ ဆရာမ၏ ဝတ္ထု ရင်ခုန်သံများမှတစ်ဆင့် ဘဝအမောကို နှစ်သိမ့်အားဖြည့်နေကြရဆဲ ဖြစ်ပါသည်။ ချစ်ခင်လေးစားရသော ဆရာမ မစန္ဒာ အသက်ရာကျော်ရှည်လျက် စာပေမြတ်နိုးသူများ အတွက် စိတ်ခွန်အားဖြည့်ဝတ္ထုများ ဆက်လက် ရေးဖွဲ့နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သ လျက် ဂုဏ်ပြုရေးသားအပ်ပါသည်။

 

ကိုးကားသည့်စာအုပ်စာရင်း

၁။ ဝတ္ထုရှည်စာတမ်းများ၊ ၂၀၂၁၊ စာပေဗိမာန်

၂။ စာ‌ရေးဆရာမ မစန္ဒာ စာစုစာရင်း (၁၉၆၅-၂၀၀၇)၊ မမာလာမျိုးမြတ်၊ ၂၀၀၉

၃။ ဆရာမ မစန္ဒာ ရေးသားခဲ့သောစာအုပ်များ