ပင်ကိုစိတ်ကိုဖျောက်ပြီး တခြားသူတစ်ယောက်စိတ်ကို ခံစားသရုပ်ဆောင်သည်ဟု ဆိုလာသည့် သရုပ်ဆောင်မေမြင့်မိုရ်

ရုပ်သံဇာတ်လမ်းတွဲများကြောင့် ပရိသတ်အားပေးမှု ရရှိထားသည့် သရုပ်ဆောင် မေမြင့်မိုရ်သည် ၂၀၁၈ ခုနှစ်အတွက် Star Award မှ ချီးမြှင့်သောဆုကို ရရှိထားသူ လည်းဖြစ်သည်။ ၎င်းက MRTV-4  ပြသမည့် “ပျောက်ဆုံးနေသော အမှန်တရား” ရုပ်သံဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးထားကြောင်း သိရသည်

မေး။ လက်ရှိ အနုပညာလှုပ်ရှားမှု လေးတွေကို ပြောပြပေးပါဦး။

ဖြေ။ လက်ရှိကတော့ အန်ကယ်လေးတို့နဲ့ ပျောက်ဆုံးနေသော အမှန်တရားဆိုတဲ့ ဇာတ်လမ်းတွဲလေးရိုက်နေတယ်။ ဒီမေလ ပထမပတ်အတွင်းမှာပဲ ပြီးတော့ မှာပါ။ MRTV-4 မှာ မကြာခင် ပရိသတ်တွေ ကြည့်ရတော့မှာပေါ့။ ဒီကားလေးကလည်း ပရိသတ်တွေ စိတ်ဝင်စားမယ့် ဇာတ်လမ်းလေးဖြစ်မယ်လို့ ထင်ပါတယ်။ တစ်ခါမှ မမြင်ဖူးသေးတဲ့ အိုက်တင်မျိုးတွေနဲ့ တွေ့မြင်ရပါမယ်။

မေး။ ဇာတ်လမ်းတွဲကြောင့် ပရိသတ်က ပိုသတိထား မိတယ်ဆိုတော့ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကရော ဘာဖြစ်မလဲ သိပါရစေ။

ဖြေ။ မေလေး ဒီဇာတ်လမ်းတွဲကိုလည်း ကိုယ်တိုင် ကြိုက်နှစ်သက်လို့ လက်ခံဖြစ်တာပါ။ အရင်ရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေနဲ့ လုံးဝကာရိုက်တာ မတူဘူး။ ဒီဇာတ်လမ်းက စိတ်လှုပ်ရှားစရာ ထိတ်လန့် ချောက်ချားဖွယ်လည်း ဖြစ်နေတယ်။ အန်ကယ်လေးနဲ့က သားအဖပေါ့။ တစ်ယောက်ထဲနဲ့ စိတ်ကနှစ်မျိုး သရုပ်ဆောင်ရတယ်။ မေရဲ့ ပင်ကိုစိတ်ဖြစ်လိုက် တခြားသူ တစ်ယောက်စိတ်ကို ခံစားသရုပ်ဆောင်လိုက်ဆိုတော့ စိန်ခေါ်မှုတစ်မျိုးတော့ ဖြစ်ပါတယ်။ ကြောက်ဖို့ ကောင်းမယ်ဆိုတော့ အကောင်းဆုံးတော့ သရုပ်ဆောင်ထားပါတယ်။

မေး။ ခုနောက်ပိုင်း သရဲကားတွေ ရိုက်တာ များလာတယ်နော်။

ဖြေ။ မေလေး သရဲကားရိုက်တာဆိုလို့ ဒီဇာတ်လမ်းတွဲ တစ်ခုတည်းပါ။ နောက် ရုပ်ရှင်မှာတော့ “ကြောက်ကြောက်ကြောက်” ပေါ့။ သရဲကား ရိုက်ကူးချိန်မှာတော့ အမြဲတမ်းကြောက်တဲ့ဖီလင်ကို ထည့်ထားရတယ်။

မေး။ ။ ရုပ်ရှင်ကားကြီးကရော ဘယ်လိုပုံစံဖြစ်မလဲ။

ဖြေ။ ။ ဒုတိယအပတ်လောက် ဆိုရင်တော့ ရုပ်ရှင်ကားကြီးတစ်ကားကို ရိုက်ကူးသွားဖို့ရှိပါတယ်။ ဒီကားကတော့ သဘာဝကျတဲ့ ဇာတ်ရုပ်ပေါ့။ နယ်ဘက်မှာ သွားရောက် ရိုက်ကူးရမှာဖြစ်လို့ ပြင်ဆင်နေပါတယ်။

မေး။ မေလေးအနေနဲ့ ခုနောက်ပိုင်း ကာရိုက် တာရွေးချယ်မှုကို ပြောပါဦး။

ဖြေ။ ကိုယ့်ကို လာကမ်းလှမ်းတဲ့ ကာရိုက်တာတိုင်းက ကိုယ်က ရွေးချယ်စရာမလိုဘဲနဲ့ သဘောကျပြီး လုပ်ကြည့်ချင်တဲ့ ကာရိုက်တာတွေ များပါတယ်။ ဒါကြောင့် မေ့ကို ယုံကြည်လို့ လာအပ်တဲ့ ကာရိုက်တာပီပြင်အောင် အမြဲကြိုးစားနေပါတယ်။

မေး ။ တကယ်လို့ ဗီလိန်နေရာက ကမ်းလှမ်းလာရင်ရော။

ဖြေ ။ မေလေးက သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အတွက် ကာရိုက်တာ မျိုးစုံကိုတော့ သရုပ်ဆောင်နိုင်ရမှာပေါ့နော်။ တကယ်လို့ ဗီလိန်နေရာက ကမ်းလှမ်းလာရင်လည်း လုပ်ရမှာပေါ့။ ပရိသတ်တွေ မုန်းသွားမှာလည်း မကြောက်တော့ မစိုးရိမ်တော့ပါဘူး။

ကိုလင်း