ပင်လောင်းမြို့နယ်တွင် ဆီထွက်သီးနှံ မိုးနေကြာစိုက်ဧက တိုးချဲ့စိုက်ပျိုး

ပင်လောင်း စက်တင်ဘာ ၂၇

 

ပြည်တွင်း၌ စားသုံးဆီ အလုံအလောက်ထုတ်လုပ်နိုင်ရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဒေသရာသီဥတုနှင့် ကိုက်ညီသော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

 

ဆီထွက်သီးနှံ မိုးနေကြာအား ပင်လောင်းမြို့နယ်တွင် ယခင်ကကျေးရွာအုပ်စု ၆ အုပ်စု၊ ကျေးရွာပေါင်း ၃၀ တွင် စိုက်ဧက ၅၂၀ ဧက စိုက်ပျိုးရန် လျာထားခဲ့သော်လည်း သီးထပ်၊ သီးညှပ် ပုံစံအမျိုးမျိုးဖြင့် မိုး၊ ဆောင်း ရာသီမရွေး မျိုးစေ့စျေးနှုန်းသက်သာစွာ စိုက်ပျိုးနိုင်သောသီးနှံဖြစ်ကြောင်း၊ ကျေးရွာအုပ်စု ၄ အုပ်စုမှကျေးရွာ ၉ ရွာတို့တွင် ထပ်မံတိုးချဲ့ စိုက်ပျိုးခဲ့သောကြောင့် စုစုပေါင်း ကျေးရွာအုပ်စု ၁၀ အုပ်စုနှင့် ကျေးရွာ ၃၉ ရွာတွင် တောင်သူပေါင်း ၂၁၄ ဦးတို့မှ စိုက်ပျိုးသည့် ဧကအနေဖြင့် သီးသန့်စိုက်ဧက ၇၀ ဧက၊ သီးညှပ်စိုက်ဧက ၄၆၇ ဧကတို့အား စိုက်ပျိုးလာခဲ့ခြင်းကြောင့် လျာထားချက်ထက် ၁၇ ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

 

ယခုအခါ ပင်လောင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု ၅ အုပ်စုတွင် တောင်သူပညာပေးစံပြကွက် ဧက ၂၀ နှင့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းဧက ၅ ဧက ဆောင်ရွက်ထားရှိပြီး ဆောင်းနေကြာစိုက်ဧက တိုးချဲ့စိုက်ပျိုးရန်အတွက် မျိုးစေ့ထုတ်စိုက်ခင်း ၁၀ ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးတောင်သူများအနေဖြင့် အထွက်ကောင်းပြီး ရွက်ခြောက်ရောဂါဒဏ် ခံနိုင်သည့် ရေဆင်းစပ်မျိုး(၁)နေကြာ မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့များ လိုအပ်ချက်ရှိပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ဖုန်း-၀၈၁ ၂၃၅၄၀၁၉၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင် (ဖုန်း-၀၉ ၉၆၈၆၈၃၃၁၁၊ ၀၉၇၈၈၃၄၃၄၃၈)သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

 

ထွန်းလင်း(ပင်လောင်း)