ပင်လည်ဘူး၊ ပြင်ဦးလွင်နှင့် ရွာငံမြို့နယ် တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၂   ဇွန် 

ပင်လည်ဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန် ၁၉ ရက် မွန်းလွဲ ၃ နာရီတွင် ပင်လည်ဘူးမြို့နယ်၊ နမ္မားကျေးရွာအုပ်စု၊ ကညင်ကုန်းကျေးရွာနေ မောင်သိန်း၏နေအိမ်ကိုသတင်းအရဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မချော နှင့် သန့်ဇော်မျိုး တို့အားတွေ့ရှိရပြီး နေအိမ်မှ ဘိန်းစိမ်း ၂၀ ဒသမ ၃ ကီလိုနှင့် ဘိန်းဖြူ သုည ဒသမ ၀၀၄၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဇွန် ၂၁ ရက်  နံနက်ပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၉)ရှိ မင်းမင်းအောင်၏ နေအိမ်ကိုသတင်းအရ ဝင်ရောက်ရှာဖွေရာ မင်းမင်းအောင်မှာ နေအိမ်အနောက်ဘက်လျှိုအတွင်းသို့ ထွက်ပြေးသွားခဲ့ပြီး ၎င်း၏နေအိမ်၌ ဟိန်းကိုကို အား တွေ့ရှိသဖြင့် ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၀၀ နှင့် MITSUBISHI COLT အမျိုးအစားမော်တော်ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ တို့ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ မွန်းလွဲ ၂ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရွာငံမြို့နယ်၊ ကျောက်ကူပြင်ကျေးရွာအနီး၊ ရွာငံ-ကျောက်ဆည်သွားကား လမ်း၌ ခရီးသည်တင် မှန်လုံမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းတွင် လိုက်ပါလာသည့် ခရီးသည် မဝင်းစန္ဒာနှင့် သန်းတိုးအောင်တို့ သယ်ဆောင်လာသည့် စက္ကူဖာအတွင်းမှ ဘိန်းစိမ်း ၁၈ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေး ယူထားကြောင်း  ရဲပြန်ကြားမှ သိရသည်။ 

(သတင်းစဉ်)