ပင်လယ်ကွေ့ဒေသရှိ အမေရိကန်အဆိုပြုသော လုံခြုံရေးမစ်ရှင်တွင် ဗြိတိန် ပူးပေါင်း

ဟော်မုဒ်ရေလက်ကြားမှ တစ်ဆင့် ခရီးသွားလာနေရသည့် ယာဉ်များကို အကာအကွယ်ပေးမည့် ရေလမ်းကြောင်း အသစ်တစ်ခုအတွက် လုံခြုံရေး အစီအစဉ်တစ်ခုကို အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဗြိတိန်က ပြောကြားလိုက်သည်။ 

ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘီဝေါလ်လန့်စ်က ယမန်နေ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ပြဿနာတွေကို နိုင်ငံတကာနဲ့ပူးပေါင်းပြီး အဖြေရှာရန်အတွက် အမေရိကန်ပြည်ထောင်စုနဲ့အတူ လက်တွဲလုပ်ဆောင်နိုင်ရန် မျှော်လင့်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

အမေရိကန်ပြည်ထောင်စုဦးဆောင်သည့် အစီအစဉ်တွင် ဗြိတိန်သည့် ပထမဆုံး ပါဝင်သည့် နိုင်ငံဖြစ်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။ 

ခြိမ်းခြောက်မှုပိုမိုရှိလာသည့် ဟော်မုဒ်ရေလက်ကြား၌ နိုင်ငံတကာမှ သင်္ဘောများ နှောင့်နှေးခြင်းမရှိဘဲ လွတ်လပ်စွာ သွားလာနိုင်စေရန် အရေးကြီးကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမိုနစ်ရတ်ဘ်က ပြောကြားခဲ့သည်။

 

mdn

 

အီရန်နိုင်ငံနှင့် တင်းမာနေသည့် အခြေအနေများအတွက် ကျွန်တော်တို့နှင့်အတူ နိုင်ငံတကာမှ ပူးပေါင်းပြီး မဟာမိတ်အဖြစ် ဆက်လက်လက်တွဲခြင်းဖြင့် နျူကလီးယားသဘောတူညီချက်များကို ထိန်းသိမ်းထားရန်လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ 

ပြီးခဲ့သည့်လအတွင်းကလည်း  ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျယ်မီယယ်ဟန့်က ဟော်မုဒ်ရေလက်ကြားရှိ နိုင်ငံတကာ ရေယာဉ်များကို အကာအကွယ်ပေးရန် ဥရောပဦးဆောင်သည့်အဖွဲ့ ဖွဲ့စည်းရန် အဆိုပြုခဲ့သည်။

ဗြိတိန်နိုင်ငံက အမေရိကန်ဦးဆောင်သည့် မစ်ရှင်တွင် ပူးပေါင်းခြင်းက ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်လက်ထက်တွင် အမေရိကန်နိုင်ငံနှင့် ပိုမိုနီးကပ်မှုရှိလာသည့် သဘောကို ညွှန်ပြနေကြောင်း လေ့လာသူများက ပြောသည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်