ပင်လယ်ကွေ့ဒေသတင်းမာမှုများနှင့်စပ်လျဉ်း၍ တရုတ်နှင့်ရုရှားနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

ပေကျင်း ၆ ဇန်နဝါရီ

 

ပင်လယ်ကွေ့ဒေသ တင်းမာမှုများနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်တို့သည် ဇန်နဝါရီ ၄ ရက်နှောင်းပိုင်းတွင် နှစ်နိုင်ငံအကြား ရပ်တည်ချက်များ ပူးပေါင်းဆောင်ရွက်ရေးနှင့် အမြင်ချင်းဖလှယ်မှုများကို ဖုန်းဖြင့်ဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြသည်။

 

တရုတ်နိုင်ငံသည် အမေရိကန်-အီရန် ပဋိပက္ခအရှိန် မြင့်တက်နေမှုကို အထူးဂရုပြုစောင့်ကြည့်လျက်ရှိကြောင်း၊ နိုင်ငံတကာဆက်ဆံရေးတွင် လက်နက်အင်အား အလွဲ သုံးစားလုပ်ခြင်းကို ဆန့်ကျင်ကြောင်းနှင့် စစ်ရေးအန္တရာယ် ဖြစ်ပွားအောင် လုပ်ဆောင်မှုများကိုလည်း လက်မခံပါ ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ သည်။

 

အီရတ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ လွတ်လပ်မှုနှင့် နယ်မြေပိုင်နက်ကို လေးစားသင့်ကြောင်း၊ အရှေ့ အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းကာကွယ်သင့်ကြောင်း၊ ဘက်ပေါင်းစုံမှ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံ တကာဆက်ဆံရေး အခြေခံသတ်မှတ်ချက်များကို လိုက်နာသင့်ကြောင်း တရုတ်နိုင်ငံက အခိုင်အမာ ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည်နှင့်အညီ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးတွင် အရေးကြီးသည့် တာဝန်ရှိကြောင်း၊ မဟာဗျူဟာမြောက် ညှိနှိုင်း ဆွေးနွေးမှုများကို တိုးမြှင့်ဆောင်ရွက်သင့်ပြီး နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာတရားမျှတမှုကို အတူကာကွယ်ကာ လက်ရှိအရှေ့အလယ်ပိုင်း အခြေအနေကို ကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ရန် တာဝန်သိသိ ဆောင်ရွက်ရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။

 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်က ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံ၏ရပ်တည်ချက်မှာ ထပ်တူညီပါကြောင်း၊ အမေရိကန်၏လုပ်ရပ်မှာ တရားမဝင်ဖြစ်ရာ ရှုတ်ချသင့်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများကို ရင်းနှီးစွာဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ တင်းမာမှု အရှိန်အဟုန်မြင့်တက်မှုများကို ရှောင်ရှားနိုင်စေရန် အပြုသဘောဆောင်သည့် အခန်းကဏ္ဍ မှ ပါဝင်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

 

ဝမ်ယိနှင့် လက်ရော့ဗ်တို့သည် လစ်ဗျား၊ ဆီးရီးယား စသည့် အရေးကိစ္စများ၏ နောက်ဆုံးအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြပြီး ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ တည်ငြိမ်ရန် နီးကပ်သည့်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်လည်း သဘောတူညီခဲ့ကြသည်။

 

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်