ပင်လယ်ပြင်သဘာဝအလှတို့ စုဝေးရာ အပျိုစင်မာန်အောင်ကျွန်းမှ အပန်းဖြေခရီးသွားတို့ကို လက်ကမ်းလို့ကြိုနေ

 

သစ္စာ (MNA)

 

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ပထဝီသဘာဝအလှတို့ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံ၏မြောက်ဖျားတွင် ရေခဲဖုံးလွှမ်းရာဒေသ၊ တောင်ပေါ်/မြေပြန်တို့တွင် နွေ၊ မိုး၊ ဆောင်း ဥတုသုံးမျိုးကို ပိုင်ဆိုင်ထားသော ဒေသများနှင့် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းကြီးကို ပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်၍ နိုင်ငံတကာခရီးသွားများ အထူးစိတ်ဝင်စားရာ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံ၏အရှေ့ပိုင်းနှင့် မြောက်ပိုင်းတွင် နိုင်ငံ၏နယ်နိမိတ်ကို တော၊ တောင်များက ဝန်းရံထားပြီး နိုင်ငံအနောက်ပိုင်းနှင့် တောင်ပိုင်းတို့ကို ပင်လယ်ပြင်ကြီးနှင့် ကမ်းရိုးတန်းကြီးများက သဘာဝအကာအရံကြီးပမာ တားဆီးထားသည်။ သဘာဝအရင်းအမြစ်များနှင့် ရေသယံဇာတများစွာ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည်နှင့်အညီ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ မြူခိုများဝေသီလျက်ရှိသည့် တောင်စဉ်တောင်တန်းများနှင့် ရှုမငြီးဖွယ် ပင်လယ်ပြင်သဘာဝအလှတို့က ပြည်တွင်းပြည်ပ ခရီးသွားတို့ကို ရာသီအလိုက် လာရောက်အပန်းဖြေနိုင်ရန် ဆွဲဆောင်လျက်ရှိသည်။

 

ပင်လယ်ပြင်ကိုပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် ရခိုင်ပြည်နယ်ကမ်းရိုးတန်းမှသည် တနင်္သာရီ ကမ်းရိုးတန်းအထိ သဘာဝအလှတို့ဖြင့် နိုင်ငံ၏အလှကို ဝန်းရံတင့်တယ်စေလျက်ရှိသည်။ အထူးသဖြင့် ကမ်းရိုးတန်း တစ်လျှောက်တွင်ရှိသော ကျွန်းများသည် ဖန်တီးထားသော ကျွန်းမျောများ မဟုတ်ဘဲ သဘာဝအတိုင်းတည်ရှိနေသော ကျွန်းများလည်းဖြစ်သည်။ ခရီးသွားရာသီတို့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုတွင်ရှိသည့် ဆလုံ တိုင်းရင်းသားများ နေထိုင်ရာ ကျွန်းများသို့ ပြည်တွင်း ပြည်ပခရီးသွားများ အပန်းဖြေလာရောက်ကြလေ့ရှိသည်။

 

သဘာဝအတိုင်းလှပနေဆဲ ကျွန်း

 

ရခိုင်ပြည်နယ်တွင်လည်း ဆိပ်ကမ်းများနှင့် ကျွန်းများစွာရှိကြရာ ထိုကျွန်းတို့တွင် မာန်အောင်ကျွန်းသည် အပျိုစင်ကဲ့သို့ လှသွေးကြွယ်လျက် သဘာဝအတိုင်းလှပနေဆဲ ကျွန်းအဖြစ် သန့်ရှင်းလတ်ဆတ်စွာ မူလအတိုင်းတည်ရှိနေမှုကြောင့် ပြည်တွင်း ပြည်ပခရီးသွားများကြားတွင် ထင်ရှားလာခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်သည် ဧရာဝတီတိုင်းဒေသကြီးနှင့် ထိစပ်လျက်ရှိပြီး နိုင်ငံ၏အသည်းနှလုံးမြို့တော်ဖြစ်သော ရန်ကုန်မြို့သည် ဧရာဝတီတိုင်းဒေသကြီးနှင့် တစ်ဆက်တည်းဖြစ်သောကြောင့် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်သည် ခရီးလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်အတွက် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများသို့ မြန်မာပြည်အနှံ့ ခရီးသွားများနှင့် နိုင်ငံတကာ ခရီးသွားများက ပွင့်လင်းရာသီတွင် တစ်ဖွဲဖွဲလာရောက် အပန်းဖြေလည်ပတ်ကြခြင်းဖြစ်သည်။

 

mdn

 

 

မာန်အောင်ကျွန်း၏ ရင်သပ်ရှုမောဖွယ် သဘာဝအလှများ

 

ရခိုင်ပြည်နယ်တွင်ရှိသော မာန်အောင်ကျွန်းသည် စတုရန်းမိုင် ၂၀၂ ဒသမ ၀၅ မိုင် ကျယ်ဝန်းပြီး မြို့အကျယ်အဝန်းသည် ၀ ဒသမ ၇၅ စတုရန်းမိုင် ကျယ်ဝန်း၍ ရခိုင်၊ ဗမာနှင့် ချင်းလူမျိုးတို့ နေထိုင်လျက်ရှိသည်။ လူဦးရေ ၆၈၀၀၀ ကျော်ရှိပြီး ရပ်ကွက်ပေါင်းငါးခုနှင့် ကျေးရွာအုပ်စုပေါင်း ၃၆ အုပ်စုတွင် ကျေးရွာပေါင်း ၁၃၆ ရွာတည်ရှိသော ကျွန်းမြို့ငယ်လေးဖြစ်သည်။ ရန်ကုန်မြို့နှင့်စာလျှင် ရပ်ကွက်တစ်ခု၏ လူဦးရေထက်နည်းသော ကျွန်း တစ်ကျွန်းလည်း ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပပြီး ဆန်စပါးနှင့် ပင်လယ်စာပေါကြွယ်ဝသော ကျွန်းတစ်ကျွန်းလည်းဖြစ်သည်။ တောတောင်တို့တွင် သားငှက်တောရိုင်းတိရစ္ဆာန် များစွာရှိပြီး ကျွန်းပတ်လည်တွင် စိမ်းညို့ညို့ တောအုပ်နှင့် တောင်ကုန်းများ၊ သဲမွမွသောင်ခုံများ၊ သန္တာကျောက်တန်းများ၊ အုန်းပင်တန်းများ၊ ရာသီ အလိုက် စိုက်ပျိုးထားသော သီးနှံစိုက်ခင်းများနှင့် ကမ်းနီးသန္တာကျောက်တန်းများ၊ နံနက်ခင်းပင်လယ် ပြင်မှထွက်ပေါ်လာသော ရွှေရောင်ဝင်းလက်နေသည့် နေခြည်နုနုအလှနှင့် အပြာရောင်ပင်လယ်ပြင်ကြီးတွင် ငုပ်လျှိုးရန် အားယူနေသော ပုစွန်ဆီရောင်သမ်းနေ သည့် ဆည်းဆာအလှတို့သည် မြို့ပြမွန်းကျပ်မှုတို့ကို ပြေပျောက်စေလျက် ရင်သပ်ရှုမောဖွယ် သဘာဝ အလှတို့ကို ပေးစွမ်းလျက်ရှိသည်။ ပင်လယ်ပြင် အလှကိုကြည့်ရှု၍ စိတ်အပန်းဖြေမှုသည် ရုပ်ခန္ဓာ၏ ပင်ပန်းနွမ်းနယ်မှုတို့ကို လျော့ကျစေလျက် သန့်ရှင်းသောလေက စိတ်နှလုံးအေးချမ်းမှုကို ရရှိစေသည်။ မာန်အောင်ကျွန်းသည် ပင်လယ်ပြင်သဘာဝအလှ၏ ဆွဲဆောင်မှုဖြင့် ဘဝအမောများကို ပြေပျောက်စေ လျက်ရှိသည်။

 

 သဘာဝအခြေခံခရီးသွားလုပ်ငန်း

 

မာန်အောင်ကျွန်းတွင် အပန်းဖြေဟိုတယ်များ ရှိပြီး အုပ်ဆိုင်းနေသောတောအုပ်၊ တောင်ကုန်းများနှင့် ပွင့်လင်းရာသီတွင် ရွှေဝါရောင်စပါးခင်းများ၊ သန္တာ ကျောက်တန်းများနှင့် ပင်လယ်ပြင်တွင် ကျွန်းအချို့ ကို တွေ့မြင်ရမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် သင်္ကြန်ကာလတွင် ငပလီနည်းတူ မာန်အောင်ကျွန်းသို့ အပန်းဖြေခရီးသွားများ မထင်မှတ်ဘဲ ဝင်ရောက်လာမှုကြောင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း များစွာရရှိခဲ့ပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းမှ ဝင်ငွေများစွာ ရရှိခဲ့ကြသည်။ မာန်အောင်ကျွန်းသို့ အပန်းဖြေခရီးစဉ်လာရောက်ရာတွင် ရန်ကုန်မှ ခရီးသွားများ လမ်းနှစ်သွယ်ဖြင့် လာရောက်ကြလေ့ရှိသည်။

 

ပထမလမ်းခရီးမှာ လေကြောင်းဖြင့် ရန်ကုန်မှကျောက်ဖြူသို့စီးနင်းပြီး ကျောက်ဖြူမှလေးထောင် ဆိပ်ကမ်းသို့ ဟိုတယ်မှ ကြို/ပို့ကားဖြင့်လိုက်ပါကာ ဆိပ်ကမ်းမှ ရှပ်ပြေးယာဉ်ဖြင့် မာန်အောင်ကျွန်းသို့ လာရောက်ခြင်းဖြစ်သည်။

 

ဒုတိယလမ်းခရီးမှာ ရန်ကုန်မှ တောင်ကုတ်သို့ မှန်လုံယာဉ်ဖြစ်စေ၊ ကိုယ်ပိုင်ယာဉ်ဖြင့်ဖြစ်စေ လာရောက်၍ တောင်ကုတ်ဆိပ်ကမ်းတွင် ညအိပ်ကာ နံနက်ခင်းတွင် ရှပ်ပြေးယာဉ်ဖြင့် မာန်အောင်ကျွန်းသို့ လာရောက်ခြင်းဖြစ်သည်။

 

One Stop Services ဝန်ဆောင်မှုသစ်

 

ယခုလာမည့် နိုဝင်ဘာလ ပွင့်လင်းခရီးသွားရာသီတွင် မာန်အောင်ကျွန်းသို့ အပန်းဖြေခရီးသွားများ လာရောက်ရာ၌ အဆင်ပြေချောမွေ့စွာဖြင့် အပန်းဖြေနိုင်ရန် မိမိတို့ဒေသမှ မာန်အောင်ကျွန်းသို့ ခရီးစဉ်အတွင်း ဝန်ဆောင်မှုကဏ္ဍသစ် တစ်ခုအနေဖြင့် One stop services ဝန်ဆောင်မှုကို ဟိုတယ်များက စီမံဆောင်ရွက်ထားလျက်ရှိသည်။ လေကြောင်း ခရီးစဉ်ဖြစ်စေ၊ ကုန်းလမ်းခရီးစဉ်ဖြစ်စေ မာန်အောင် ကျွန်းအပန်းဖြေခရီးစဉ်အတွက် Online နှင့် ဟိုတယ် ရုံးခွဲများက ကြိုတင်ဝန်ဆောင်မှုများကို ပေးလျက်ရှိသည်။ အထူးသဖြင့် သွားလာမှုအဆင်ပြေချောမွေ့စေရန် ယမန်နှစ်ထက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုတို့ကို ဆောင်ရွက်ထားရှိခြင်းဖြစ်သည်။

 

mdn

 

 

ဟိုတယ်များ၏ ဝန်ဆောင်မှုများ

 

မာန်အောင်ကျွန်းအလှကို ကျွန်းပတ်၍ ကြည့်ရှုနိုင်ပြီး ပြင်ကောက်ရွာကမ်းခြေရှိ သန္တာကျောက်တန်းများ၊ ရေအောက်တွင်ရှိသော ငါး/ပုစွန်များ၊ လက်ဖက်ကျွန်းမီးပြတိုက်နှင့် မာန်အောင်ကျွန်းအနီးရှိ သိုက်ကျွန်းနှင့်ရဲကျွန်းသို့ အပန်းဖြေခရီးသွားများ သွားရောက်လည်ပတ်ကြလေ့ရှိသည်။ မာန်အောင်ကျွန်းရှိ မာန်အောင်ကမ်းခြေဟိုတယ်မှ အထွေထွေ မန်နေဂျာ ဦးထွန်းလင်းအောင်က မာန်အောင်ကျွန်းသည် အပျိုစင်ကျွန်းဟု အမည်ရရှိထားသည်နှင့်အညီ ခရီးသွားလုပ်ငန်းနှင့်ထိတွေ့မှုမှာ ယခုခရီးသွားရာသီနှစ်တွင် နှစ်နှစ်မြောက်ကာလသာ ရှိသေးကြောင်း၊ နေထွက်ချိန်မှစ၍ နေဝင်ချိန်အထိ ပင်လယ်ပြင် သဘာဝအလှနှင့် ဒေသခံရခိုင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကိုလည်း နီးနီးကပ်ကပ်တွေ့မြင်ရသော နေရာတစ်ခုဖြစ်ကြောင်း၊ ပြီးခဲ့သော သင်္ကြန်ကာလတွင် ရေပက်ခံမဏ္ဍပ်များထိုး၍ ရေသဘင်ပွဲတော်ကိုကျင်းပခဲ့ရာ ခရီးသွားများဖြင့် အထူးစည်ကားခဲ့ကြောင်း၊ လတ်ဆတ်သော ပင်လယ်စာများကို ဝါရင့်စားဖိုမှူးများကိုယ်တိုင် ချက်ပြုတ်ခြင်းဖြစ်ပြီး ဒေသအစားအစာများကိုလည်း ဒေသခံရခိုင်တိုင်းရင်းသား စားဖိုမှူးများကိုယ်တိုင် ဝန်ဆောင်မှုပေးထားကာ ခရီးသွားများကို လှိုက်လှဲပျူငှာ နွေးထွေးစွာဖြင့် ကြိုဆိုလျက်ရှိနေပါကြောင်း၊ ကိုလိုနီလက်ထက်တွင် နိုင်ငံခြားသားများ လာရောက်အပန်းဖြေရာနေရာ တစ်ခုဖြစ်ခဲ့ပြီး ထူးခြားသောလက္ခဏာများစွာ ရှိနေသော တောင်နီတောင်နှင့် နဂါးပွက်တောင်ကိုလည်း လူသိများကြကြောင်း၊ နှစ်ယောက်ခန်းတစ်ခန်းလျှင် ကျပ်ခြောက်သောင်းဖြင့် နံနက်စာဝန်ဆောင်မှုပေး၍ ပင်လယ်ကမ်းခြေတွင် ရေမကူးရဲသူတို့အတွက် ဟိုတယ်တွင် ရေကူးကန်နှင့်ဘားများ ထားရှိကြောင်း၊ ပင်လယ်ပြင် သဘာဝအလှတို့စုဝေးရာ၊ လတ်ဆတ်သောပင်လယ်လေကို ကမ်းခြေသောင်ပြင်တွင် အားပါးတရရှူရှိုက်၍ လွတ်လပ်ပေါ့ပါးစွာဖြင့် အပန်းဖြေ အနားယူနိုင်ရန်မာန်အောင်ကျွန်းမှ ဖိတ်ခေါ်လျက်ရှိနေပါကြောင်း ပြောကြားပါသည်။

 

mdn

 

နွေးထွေးပျူငှာစွာကြိုဆိုနေ

 

အောက်တိုဘာလ တတိယပတ်တွင် ဆောင်းရာသီကိုပွေ့ဖက်သယ်ဆောင်လာသော မြောက်ပြန်လေတို့သည် စတင်တိုက်ခတ်လျက်ရှိသည်။ နိုဝင်ဘာလ ခရီးသွားရာသီတွင် ဟေမာန်ဆောင်းနှင်းတို့အပြိုင် ဝင်ရောက်လာမည့် အေးချမ်းသောလက္ခဏာပင် ဖြစ်သည်။ နိုင်ငံတော်မှ ပြည်တွင်းပြည်ပခရီးသွားများ စိတ်အေးချမ်းစွာ သွားလာအပန်းဖြေနိုင်ရန် ခရီးသွားလုပ်ငန်းများကို အားပေးကူညီခဲ့ပြီဖြစ်သည်။ မိမိတို့စိတ်အားထက်သန်ရာ အပန်းဖြေခရီးတို့တွင် ပြည်တွင်းပြည်ပ ခရီးသွားပြည်သူ အပေါင်းအနေဖြင့် စိတ်နှလုံးပျော်ရွှင်ချမ်းမြေ့စွာ အပန်းဖြေ အနားယူနိုင်ကြပါစေကြောင်းနှင့် အပန်းဖြေခရီးစဉ်တို့တွင် ပင်လယ်ကမ်းခြေ အပန်းဖြေမှုသည် ဘဝ၏အမောများကို အပြည့်အဝ ပြေလျော့စေသောအပန်းဖြေခြင်းတစ်ခုဖြစ်ရာ သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပနေသော ရခိုင် ပြည်နယ်မှ အပျိုစင်မာန်အောင်ကျွန်းက အပန်းဖြေခရီးသွားတို့အား နွေးထွေးပျူငှာလှိုက်လှဲစွာ လက်ကမ်း ကြိုဆိုနေပါကြောင်း ရေးသားလိုက်ရပါသည်။