ပင်လယ်ပြင်သို့မြောက်ကိုရီးယား ဒုံးကျည်များပစ်လွှတ်သည်ဟု တောင်ကိုရီးယား ပြောကြား

၃၁ ဇူလိုင်

မြောက်ကိုရီးယားနိုင်ငံသည် ကိုရီးယားကျွန်းဆွယ်အရှေ့ပိုင်း ဝွန်ဆန်မြို့ အနီးမှ ဂျပန်ပင်လယ်ပြင်ကို ဦးတည်ကာ တာတိုပစ်ဒုံးကျည်နှစ်စီးကို ယနေ့မနက်ပိုင်းက ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်အဖွဲ့က ဆိုသည်။

အဆိုပါ ဒုံးကျည်များကို ဒေသစံတော်ချိန် မနက် ၅ နာရီ ၆ မိနစ်မှ ၅ နာရီ ၂၇ မိနစ်အထိ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတာဝန်ရှိသူများက ဆိုသည်။ ထိုပစ်လွှတ်ခဲ့သော ဒုံးကျည်များသည် ၃၀ ကီလိုမီတာ အမြင့်မှ ၂၅၀ ကီလိုမီတာ အကွာအဝေးသို့ ရောက်ရှိခဲ့သည်ဟု ၎င်းတို့က ပြောဆိုသည်။

တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်တို့က ယင်းဒုံးကျည်နှင့်ပတ်သက်ပြီး အချက်အလက် စိစစ်ကာ စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

 

mdn

 

ယင်း တာတိုပစ်ဒုံးကျည်များနှင့်ပတ်သက်ပြီး ၎င်းတို့အနေဖြင့် စိစစ်နေကြောင်း အမေရိကန် ထိပ်တန်းတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို အမေရိကန်မီဒီယာက ကိုးကားဖော်ပြခဲ့သည်။  မြောက်ကိုရီးယားနိုင်ငံသည် ဝွန်ဆန်မြို့မှ ဂျပန်ပင်လယ်ပြင်သို့ ဦးတည်ကာ တာတိုပစ်ဒုံးကျည်နှစ်စီးကိုလည်း ၆၀ဝ ကီလိုမီတာအကွာသို့  ပြီးခဲ့သည့် ကြာသပတေးနေ့က ပစ်လွှတ်ခဲ့ကြသည်။

အမေရိကန် နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲစစ်ဆင်ရေးလုပ်ဆောင်ရန် စီစဉ်ထားသည့်အပေါ် သတိပေးသည့်အနေဖြင့် တာတိုပစ်ဒုံးလက်နက် အမျိုးအစားသစ်တစ်မျိုးကို ပစ်လွှတ်ခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံက နောက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ လာမည့် တနင်္လာနေ့တွင် စတင်တော့မည့် ထိုပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ဆန့်ကျင်ကာသတိပေးသည့်အနေဖြင့် ယနေ့မနက်ပိုင်းကလည်း ဒုံးကျည်များ ထပ်မံပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို

 

mdn