ပင်လယ်ရေအောက် နစ်မြုပ်ပျောက်ကွယ်တော့မယ့် ဖိလစ်ပိုင်နိုင်ငံရဲ့ ကျွန်းစုလေး

 

 

ထွန်းကျော်

 

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ကျွန်းရွာလေးတစ်ရွာရဲ့  ဒေသခံတွေဟာ  ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးရွားလှတဲ့အကျိုးဆက် ကို နေ့စဉ်နေ့တိုင်း ခံစားနေရပါတယ်။ သူတို့ရဲ့ ကုန်းမြေတွေဟာ ပင်လယ်အောက် နစ်မြုပ်နေပြီဖြစ်ပါတယ်။ တစ်နေ့တခြား  ပင်လယ်ရေမျက်နှာပြင်ကလည်း  မြင့်တက်လို့  လာပါတယ်။ တစ်ခါတစ်ရံ  ပင်လယ်က  လှိုင်းလုံးကြီး တွေတက်လာရင် ပင်လယ်ရေအောက်ကို ရောက်သွားမလားဆိုပြီး စိုးရိမ်စိတ်တွေနဲ့  နေ့စဉ်ဘဝကို  ဖြတ်သန်းနေကြရပါ တယ်။ ဒီလောက်  အန္တရာယ်များတာ တောင် ဒေသခံအများစုကတော့ ဒီနေရာ လေးကို မစွန့်ခွာနိုင်ကြသေးဘဲ နေထိုင် လျက်ရှိပါတယ်။ သူတို့တွေက ကမ္ဘာညစ်ညမ်းမှုဖန်တီးနေသူတွေကို သူတို့ပြုလုပ်ထားတဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူပေးကြဖို့လည်း တောင်းဆိုနေကြပါတယ်။

 

မြေအောက်ကို နိမ့်ဆင်း

 

လှိုင်းကြီးတဲ့အခါတိုင်း ပင်လယ်ရေတွေဟာ အန်နီကက်စ်ကွီဂျိုရဲ့ အိမ်ထဲကို စိမ့်ဝင်လာနေပါပြီ။ ဘိုဟော ပြည်နယ်နဲ့ ဘတ်တာဆန်ကျွန်းမှာ ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိတဲ့ငလျင် လှုပ်ခဲ့ချိန် လွန်ခဲ့တဲ့ ဆယ်စုနှစ်နီးပါးက တည်ဆောက်ခဲ့တဲ့ ကြမ်းပြင်ကျောက်တုံး ကြားကိုဖြတ်ပြီး ရေတွေဝင်လာကြ ပါတယ်။ ငလျင်က အဲဒီဒေသရဲ့ ကုန်းမြေ ကို အောက်ဘက်နိမ့်ဆင်းစေခဲ့ပါတယ်။ ဘတ်တာဆန်ကျွန်းဟာ မြေအောက်ကို တစ်မီတာလောက် နိမ့်ဆင်းခဲ့ပါတယ်။

‘ရေက ကျွန်မတို့ရဲ့စားပွဲခုံကို နစ်မြုပ်စေတယ်’လို့ ကက်စ်ကွီဂျိုက စိုးရိမ် ထိတ်လန့်နေတဲ့အသံနဲ့ ပြောပါတယ်။ ငလျင်လှုပ်ပြီး လအနည်းငယ်အတွင်း မှာပဲ သူနဲ့ သူ့ရဲ့ မိသားစုဟာ ဧည့်ခန်း မှာရှိတဲ့ အိပ်ရာပေါ်မှာပဲ အိပ်ခဲ့ရပါတယ်။ ဒါဟာ ရေရှည်မှာ မဖြစ်နိုင်ပါဘူး။ ပင်လယ်လှိုင်းလုံးကြီးတွေ မြင့်တက်လာ ခြင်းက ရာသီဥတုပြောင်းလဲမှုလို့ မှတ်ယူ နိုင်ပါတယ်။ ဆိုလိုတာကတော့ ရေကြီး ခြင်းဟာ သတိထားရမယ့်နှုန်းနဲ့ အခြေ အနေ ပိုပိုဆိုးလာခြင်းကို ဖော်ပြပါတယ်။

‘ငလျင်လှုပ်ပြီး နှစ်နှစ်ကြာတော့ ရေတွေက ကျွန်မရဲ့ ခြေမျက်စိအထိ ရောက်ပါတယ်။ အခုတော့ ပေါင်ထိ ရောက်နေပြီ’လို့ ၎င်းက ဆက်ပြောပါတယ်။

 

သဘာဝဘေး ထပ်မံရောက်ရှိ

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဖိလစ်ပိုင် နိုင်ငံကို တိုင်ဖွန်းမုန်တိုင်း ရိုင် ဝင်ရောက် ချိန်က နောက်တစ်ကြိမ် သဘာဝဘေး တစ်ခုထပ်မံရောက်ရှိခဲ့ပါသေးတယ်။

 

အဲဒီအချိန်တုန်းက ဘတ်တာဆန် ကျွန်းမှာ ပင်လယ်ရေတွေ ဝိုင်းပြီး ပင်လယ်အမှိုက်တွေ စုပုံရောက်ရှိခဲ့ပါတယ်။ အဲဒီမုန်တိုင်းကြောင့် နိုင်ငံ တစ်ဝန်း လူပေါင်း ၄၀၀ လောက်သေဆုံးခဲ့ ပြီး သန်းထက်ဝက်ခန့် ရွှေ့ပြောင်းခဲ့ရပါတယ်။

 

ပင်လယ်လှိုင်းတွေ မြင့်တက်လာ ခြင်းက ကျောင်းသားတွေကို ကျောင်း သွားတဲ့နေရာမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။ ဘတ်တာဆန်မှာရှိတဲ့ ကလေးတွေဟာ ကျောင်းကိုရောက်ဖို့ ရွှံ့ရည်တွေကို ဖြတ်သွားရပါတယ်။ ငါးတန်းကျောင်းသူ အန်ဂျလီတက်စ် ဆိုရီယိုဆိုရင် ကျောင်းအထိ ဖိနပ်ကို ကိုင်သွားရပါတယ်။ ကျောင်းသွားတဲ့အခါ ပင်လယ်ရေက မြင့်တက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဖိနပ် ကိုယ်ကိုင်ပြီး ကျောင်းကို သွားရပါတယ်။ ကျောင်းရောက်မှ ဖိနပ်စီးရတာပါလို့ သူက ပြောပါတယ်။

 

မာရီနာဂါဘယ်တိုဟာ ဘတ်တာ ဆန် မူလတန်းကျောင်းမှာ ဆယ်စုနှစ် နှစ်စုကျော် စာသင်ပေးနေတဲ့ ဆရာမ ဖြစ်ပါတယ်။ ပင်လယ်ရေတက်လာတိုင်း စာသင်ရတာ အနှောင့်အယှက်ဖြစ်ရတယ် လို့ သူကပြောပါတယ်။ ရေတွေ တက်လာ ပြီဆို အမှိုက်တွေလည်း ပါလာတယ်၊ အဲအချိန်ဆို ဘယ်သူမှ သင်ခန်းစာအပေါ် အာရုံမစိုက်နိုင်တော့ဘူးလို့ သူက ပြောပါတယ်။

 

ပင်လယ်ရေအောက်ကိုရောက်နိုင်

 

ပင်လယ်ရေကြောင်း ဘူမိဗေဒပညာ ရှင် ပရော်ဖက်ဆာ ဖာနန်ဒိုဆီရင်ဂန်က ဒေသခံတွေ ကြုံတွေ့နေရတဲ့ သဘာဝ ဘေးဆိုင်ရာ ပြဿနာတွေဟာ အနာဂတ် မှာ ဒီထက် ပိုဆိုးလာဖို့ပဲရှိတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

 

ဒီကုန်းမြေဟာ ပင်လယ်ရေအောက် ကို ဆက်လက်နိမ့်ဆင်းဖို့ပဲရှိတယ်လို့ သူကပြောပါတယ်။ ပင်လယ်ရေမျက်နှာ ပြင် လျင်လျင်မြန်မြန်မြင့်တက်လာခြင်း ကြောင့် ဒီကုန်းမြေဟာ လာမယ့်နှစ် အနည်းငယ်အတွင်းမှာ ပင်လယ် ရေအောက်ကို ရောက်ရှိနိုင်တယ်လို့ သူကပြောပါတယ်။

 

မြေပြန့်ဒေသမှာ အခြေစိုက်ဖို့ တိုက်တွန်း

 

ဒါကြောင့် အခုဆိုရင် အဲဒီကျွန်းမှာ မှီတင်းနေထိုင်သူတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက မြေပြန့်ဒေသတွေမှာ ပြန်လည်အခြေချဖို့ တိုက်တွန်းလျက် ရှိပြီး ရွှေ့ပြောင်းချင်သူများအတွက် တန်ဖိုးနည်း အိမ်ရာတွေကိုလည်း စီစဉ် ပေးထားပါတယ်။ ဒါပေမယ့်လည်း အခု အချိန်အထိ မိသားစုအနည်းငယ်သာ ပြောင်းရွှေ့လာကြပါတယ်။ အများစုက တော့ အာဏာပိုင်တွေရဲ့ တိုက်တွန်းမှု တွေကို လျစ်လျူရှုပြီး သူတို့ရဲ့ ဘဝ ရှင်သန်ရေးအတွက် အဲဒီကျွန်းကိုသာ မှီခိုနေထိုင်နေတုန်းပါ။ ကျွန်းကိုမှီခိုနေတဲ့ ဒေသခံအများစုဟာ ငါးဖမ်းပြီး ဘဝ ရှင်သန်ရေးအတွက် ကြိုးစားနေကြပါ တယ်။

 

ဒီနေရာကို စွန့်ခွာသွားမယ်

 

ဒီကျွန်းဟာ မိမိတို့ရဲ့ နေ့စဉ်ဘဝ ရှင်သန်နေထိုင်မှုဖြစ်တယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။ ဘုရားက မိမိတို့ကို စွန့်ခွာသွားမှာ မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက အစား အစာ အရင်းအမြစ်တွေပေါတယ်။ ရေက ခေါင်မိုးထိ ရောက်လာပြီဆိုရင်တော့ ကျွန်တော်တို့ ဒီနေရာကို စွန့်ခွာသွားပါ့ မယ်လို့ အဲဒီဒေသခံက ပြောပြပါ တယ်။

 

ဒီရေတောတွေက မျှော်လင့်ချက်ကို ယူဆောင်လာမယ်

 

ဘတ်တာဆန်ကျွန်းရဲ့ တစ်ဖက်မှာ တော့ ဒီရေတော ၅၄ ဟက်တာက ဒေသခံတွေကို သယံဇာတတွေထောက်ပံ့ ပေးပါတယ်။ ဒီရေတောတွေက ဒေသခံ တွေကို တိုင်ဖွန်းအန္တရာယ်ကနေ ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည် ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ ထူထဲလှတဲ့ ဒီရေတောတွေက လေပြင်း တိုက်ခတ်ခြင်းနဲ့ ပင်လယ်လှိုင်းကြမ်း အန္တရာယ်ကို ကာကွယ်ပေးနိုင်တယ်လို့ တခြားဒေသခံတစ်ဦးကလည်း ပြောပါတယ်။ ဒေသခံတွေဟာ ဒီရေတော တွေကို စောင့်ရှောက်ကာကွယ်သွားမှာ ဖြစ်သလို တခြားကမ်းခြေအနီး နေထိုင် သူတွေကိုလည်း ဒီရေတောတွေကို ကာကွယ်ဖို့ တိုက်တွန်းလှုံ့ဆော်လျက် ရှိပါတယ်။ ။

 

ကိုးကား - ဆင်ဟွာ