ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် 

ပွင့်ဖြူ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေဖြင့် ပွင့်ဖြူမြို့နယ် စံပြကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေရန်အတွက် ကျေးရွာတွင်း မြေသားလမ်းအရှည်ပေ ၅၀၀ အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။ 

အဆိုပါ ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာစီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ တာဝန်ယူ၍ လမ်းအကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို စက်တင်ဘာ ၆ ရက်က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိတွင် လမ်းအရှည်ပေ ၁၀၀ ခန့် ကွန်ကရစ်လမ်းခင်းကျင်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် နိုဝင်ဘာလတွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ယခု အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် စံပြကျေးရွာရှိ အိမ်ခြေ ၆၃၄ အိမ်၊ လူဦးရေ ၃၉၂၀ ဦးအတွက် ကျေးရွာတွင်း ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် လယ်ယာသီးနှံထွက်ကုန်များကိုလည်း လွယ်လင့်တကူ သယ်ယူပို့ဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် စီမံကိန်းလုပ်ငန်း၏ ရည်ရွယ်ချက်ဖြစ်သည့် ကျေးရွာနေပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားပေးသည့် အစီအစဉ်ဖြစ်၍ လုပ်အားခဝင်ငွေရရှိခြင်း၊ ကျေးရွာအတွက် လိုအပ်သော အခြေခံအဆောက်အဦကိုလည်း ဖြည့်ဆည်းပေးနိုင်၍ ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူ ပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။ 

ထို့အပြင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုနှစ်တွင် ပွင့်ဖြူမြို့နယ် စံပြကျေးရွာကို             (SMART Village) စီမံကိန်းဖြင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ သွင်းအားစုပစ္စည်းများနှင့် ငွေကြေးထောက်ပံ့ကူညီခြင်း၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေး မြင့်မားစေခြင်း၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးပေးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး စသည့် ခေတ်မီစံပြ ကျေးရွာထူထောင်ရေး အဓိကလုပ်ငန်းစဉ် (၆)ရပ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)