ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

ပွင့်ဖြူ  ၃၁   ဇူလိုင်    

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ အုပ်ချုပ်ရေး မှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဦးက အမျိုးသမီးများအတွက် အိမ်တွင်းမှု ဝင်ငွေတိုးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးခဲ့သည့် အခြေခံစက်ချုပ်နည်းပညာများကို မိမိရပ်ရွာတွင် အကျိုးရှိရှိ လက်တွေ့ အသုံးချ ဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် သင်တန်းသူ မမေမြတ်ဖူးက သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တာဝန်ရှိ သူများက သင်တန်းတွင် (ပထမ၊ ဒုတိယ ၊ တတိယ)ဆုရရှိသူများကို တစ်ဦးချင်းအလိုက် ဆုများပေးအပ်ချီးမြှင့်၍ သင်တန်းသားကိုယ်စားလှယ်တစ်ဦးထံ သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ်သင်တန်းသို့ သင်တန်းသား ၃၀ တက်ရောက်ခဲ့ကြပြီး  သင်တန်းအား ဇူလိုင် ၁ ရက်နေ့မှ ၃၀ ရက်အထိ အမျိုးသားဝတ် တီရှပ် လက်တိုလက်ရှည် ချုပ်နည်းများ၊ အမျိုးသမီးဝတ် ရင်ဖုံးအင်္ကျီ ၊ ရင်စိအင်္ကျီ အမျိုးမျိုးချုပ်နည်းများနှင့် ဘောင်းဘီတို၊ ဘောင်းဘီရှည် ချုပ်နည်းများကို တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 ရဲဝင်းနိုင် (ညောင်ဦး)