ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲမှ (၃ ဒသမ ၇) ပေခန့် ရေကျော်ကျလျက်ရှိ

ပွင့်ဖြူ အောက်တိုဘာ ၂၆

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝ တမံတွင် မိုးရေဝင်ရောက်မှုများ တိုးလာခဲ့ပြီး တမံရေပိုလွှဲမှ (၈) ပေကျော်ခန့် ရေကျော်ကျမှုရှိခဲ့ရာမှ ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားသဖြင့် ယနေ့ မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာရာတွင် တမံရေပြည့်အမှတ် ဖြစ်သည့် ၃၄၀ ပေ အထက် ရေပိုလွှဲမှ (၃ ဒသမ ၇) ပေခန့်သာ ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ (AE) ဦးစိုးတင့်ထံက သိရသည်။  

 

ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း မိုးရွာသွန်းမှု များခဲ့သည့်အတွက် ကြီးအုံကြီးဝ တမံအတွင်း မိုးရေဝင်ရောက်မှုများပြီး တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် တမံရေပိုလွှဲမှ (၈) ပေကျော်ခန့်အထိ ရေကျော်ကျမှုများရှိခဲ့ပြီး တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေအား အစိမ်းရောင်အလံ စိုက်ထူ၍ တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရေးအတွက် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ရေကင်းတာဝန်ကျ ဝန်ထမ်းများကလည်း တမံကြံ့ခိုင်မှု အခြေအနေအား အလှည့်ကျ စောင့်ကြည့်စစ်ဆေးခြင်းနှင့် တမံအတွင်း မိုးရေဝင်ရောက်မှု အခြေအနေနှင့် ရေပိုလွှဲမှ ရေကျော်နေမှုများကို အွန်လိုင်းစနစ်ဖြင့် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

ယနေ့ မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာရာ၌ တမံရေပိုလွှဲမှ (၃ ဒသမ ၇) ပေခန့်သာ ရေကျော်ကျမှု ရှိတော့သဖြင့် ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်ရာအခြေအနေ မရှိကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)