ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာနှင့် ဂွေ့ကျေးရွာချင်းဆက်လမ်း အရှည်ပေ(၁)မိုင်အား ရာသီမရွေး သွားလာနိုင်ရေး ကတ္တရာလမ်းအဖြစ် ခင်းကျင်းဆောင်ရွက်ပေး

ပွင့်ဖြူ   ၃၀  ဇူလိုင်    


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ ရာသီမရွေး သွားလာနိုင်ရေးအတွက် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာနှင့် ဂွေ့ကျေးရွာသို့ ဆက်သွယ် သွားလာသည့် ကျေးရွာချင်းဆက်လမ်း အရှည်ပေ (၁/ဝ)မိုင် အား ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့် ခင်းကျင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 


ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာနှင့် ဂွေ့ကျေးရွာသို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက်လမ်းမှာ ယခင်က မြေသားလမ်းဖြစ်၍ မိုးတွင်းကာလများတွင် ရွှံဗွက်များဖြင့် ဒေသခံ ကျေးလက်နေပြည်သူများ ကူးလူးဖြန်သန်း သွားလာရာတွင် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသဖြင့် ယခုနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၉၆ ဒသမ ၅ သန်းဖြင့် ကျေးရွာချင်းဆက်မြေသား လမ်းအရှည်ပေ (၁/ဝ)မိုင်အား လမ်းအကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ပြီး လုပ်ငန်းဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။ 


ယင်း ကျေးရွာချင်းဆက်လမ်း အရှည်ပေ(၁/ဝ)မိုင်အား ကတ္တရာလမ်းအဖြစ် ခင်းကျင်းဆောင်ရွက်နေမှု လုပ်ငန်းကို ဩဂုတ်လ ပထမပတ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကာ အဆိုပါ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပါက ကုန်းဇောင်းကျေးရွာနှင့် ဂွေ့ကျေးရွာရှိ ဒေသခံကျေးလက်နေ ပြည်သူများ အနေဖြင့် တစ်ရွာနှင့် တစ်ရွာ ရာသီမရွေး အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်မည့်အပြင် ဒေသထွက် လယ်ယာသီးနှံထွက်ကုန်များကို အချိန်တိုတိုအတွင်း တင်ပို့ရောင်းချ သွားနိုင်မည်ဖြစ်ရာ ဒေသခံပြည်သူများ ဝမ်းသာပျော်ရွှင်လျက် ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးစိုးယုလွင်၏ ပြောပြချက်အရ သိရသည်။


ရဲဝင်းနိုင် (ညောင်ဦး)