ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ကျောင်းသားကျောင်းသူများအား နွေရာသီယဉ်ကျေးလိမ္မာသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေး

ပွင့်ဖြူ ဧပြီ ၁၉

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် နွေရာသီ ကျောင်းပိတ်ရက်ကာလ ကျောင်းသားကျောင်းသူများ ကိုယ်၊ စိတ်၊ နှလုံး ယဉ်ကျေးလိမ္မာစေရန်နှင့် ဗုဒ္ဓ၏အဆုံးအမ တရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်တတ်စေရန် ရည်ရွယ်၍ ဆရာတော် ဦးသုဝဏ္ဏနှင့် ဆရာတော် ဦးဇေယျသီရိ တို့မှ ဦးဆောင်ကာ နွေရာသီယဉ်ကျေးလိမ္မာသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းသို့ ရေပုတ်ကြီးကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ကျောင်းသားကျောင်းသူ ၂၀၀ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရကာ သင်တန်းတွင် ဗုဒ္ဓဘာသာ သာသနာအား အစဉ်စောင့်ရှောက် ထိန်းသိမ်းလိုသည့်စိတ်များ ရင့်သန်ခိုင်မာလာစေရေး ဆောင်ရွက်ရမည့် အချက်များနှင့် (၃၈)ဖြာ မင်္ဂလာတရားတော်များ၊ ယဉ်ကျေးလိမ္မာစေရေး လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များကို သင်တန်းကာလ (၁)လကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ပို့ချသင်ကြားပေးသည့် သင်ခန်းစာများကို ကျောင်းသားကျောင်းသူများ လက်တွေ့အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် အရည်အချင်းစစ်ဆေးခြင်းဆိုင်ရာ စာမေးပွဲအား ထည့်သွင်းကျင်းပ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းသင်တန်းကို မတ် ၂၅ ရက်မှ ဧပြီ ၂၅ ရက်အထိ အချိန်(၁)လကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယနေ့နံနက်ပိုင်းက နွေရာသီယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများကို မင်းဘူးမြို့ ကေလာသဖမြေကဇာတိသွေး သဘာဝဘေးသင့်နေသူများကို ကူညီကြပါစို့ ပရဟိတအဖွဲ့မှ နာယကဆရာတော် ဦးဥတ္တမ ဦးဆောင်သော ပရဟိတအဖွဲ့ဝင်များက အာဟာဒါနကုသိုလ်အဖြစ် မုန့်လက်ဆောင်နှင့် ကြာဇံဟင်းခါးများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)