ပွင့်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ယခင်နှစ်ကထက် ဧက ၄၀၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့

ပွင့်ဖြူ စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မိုးဦးမိုးဖြင့် စိုက်ပျိုးသည့် ဆီထွက်သီးနှံ မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကြောင်းနှင့် ယခုနှစ် မိုးနှမ်းစိုက်ပျိုးမှုမှာ ယခင်နှစ်ကထက် ဧက ၄၀၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်မြို့နယ်လုံး မိုးနှမ်းသီးနှံစိုက်ပျိုးဧက ၈၉၂၄ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။  မြို့နယ်အတွင်းရှိ ဒေသခံတောင်များ မိုးဦးမိုးဖြင့် မိုးနှမ်းစိုက်ပျိုးရာ၌ တစ်ဧက သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံကွင်းဝန်ထမ်းများက ဒေသခံတောင်သူများကို မိုးနှမ်းစိုက်နည်းစနစ်မှန်ကန်စေရန်နှင့် မြေဩဇာနှင့် သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေရန်အတွက် နယ်မြေကွင်းဆင်းကြီးကြပ်ပြီး ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသဖြင့် ယခုအခါ ဒေသခံတောင်သူများ မိုးဦးမိုးဖြင့် အားထားစိုက်ပျိုးသည့် မိုးနှမ်းစိုက်ခင်းများမှာ အသီးအပွင့်များ ဝေဆာပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ 

“ကျွန်မတို့မြို့နယ်မှာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ မိုးနှမ်းစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၈၉၂၄ ဧက လျာထားစိုက်ပျိုးရာမှာ မိုးနှမ်းစိုက်ဧက ၆၆၈၅ ဧက  စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ မိုးနှမ်းဧကစိုက်ပျိုးနိုင်မှုဟာ ယခင်နှစ်ကထက် ဧက ၄၀၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဆီထွက်သီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ တစ်ဧက သီးနှံအထွက်နှုန်း တိုးတက်စေဖို့အတွက် ရည်မှန်းပြီးတော့ ကျွန်မတို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နယ်မြေကွင်းဆင်းပြီး ဒေသခံတောင်သူတွေကို မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း၊ သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်စေဖို့ အသိပညာပေးခြင်း၊ သီးနှံပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်နှိမ်နင်းရမည့် နည်းစနစ်များကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် တောင်သူတွေကိုယ်တိုင် တစ်နှစ်ထက်တစ်နှစ် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်နည်းပညာ ဖြန့်ဝေပေးခြင်းနှင့် စံပြကွက်များ စိုက်ပျိုးသရုပ်ပြခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်မတို့ဒေသမှာ တောင်သူတွေ အများဆုံးစိုက်ပျိုးတဲ့ နှမ်းမျိုးတွေကတော့ စမုံနက်၊ နှမ်းဖြူ၊ နှမ်းနီနဲ့ သိပ္ပံနှမ်းနက်တို့ကို အများဆုံး စိုက်ပျိုးကြပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေ မိုးဦးမိုးနဲ့ စိုက်ပျိုးထားရှိတဲ့ ဆီထွက်သီးနှံ မိုးနှမ်းစိုက်ခင်းတွေဟာ အသီးအပွင့်များနဲ့ဝေဆာနေပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံမြို့နယ် ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။ 

ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု(၅၆)အုပ်စု၊ ကျေးရွာပေါင်း ၂၀၅ ရွာရှိပြီး ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြကြောင်း သိရကာ စိုက်ပျိုးရေ အဆင်ပြေမှုနှင့် ရာသီဥတု မျှတကောင်းမွန်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ယခုနှစ်တွင်လည်း မိုးဦးမိုးဖြင့် စိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံ မိုးနှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ သီးနှံသိမ်းဆည်းရချိန်တွင် ဈေးကောင်းရရှိရေး ဒေသခံတောင်သူများက မျှော်လင့်လျက်ရှိနေကြကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)