ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မိုးဦးမိုးနဲ့စိုက်ပျိုးသည့် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းမွန်

ပွင့်ဖြူ   စက်တင်ဘာ ၂၄

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရေးအတွက် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး မိုးရွာသွန်းမှု ကောင်းမွန်ခဲ့သဖြင့် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ မြေပဲအထွက်နှုန်းလည်း ကောင်းမွန်သဖြင့် ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။

 

"ကျွန်တော်တို့ဒေသမှာ တောင်သူအများစုက နှစ်စဉ် မိုးဦးမိုးနဲ့ ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရေးလုပ်ငန်းကို ဒေသတွင်း စားသုံးဆီရိက္ခာ ဖူလုံပိုလျှံစေရေးအတွက် အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။  တောင်သူအများစု စိုက်ပျိုးတဲ့ မြေပဲမျိုးကတော့ (မကွေး - ၁၁ )မြေပဲများကို စိုက်ပျိုးတာဖြစ်ပါတယ်။ ယခုဆိုရင် အချို့ကျေးရွာတွေမှာ မိုးဦးမိုးနဲ့ မြေပဲသီးနှံ ဆောလျင်စွာ စိုက်ပျိုးတဲ့တောင်သူတွေဟာ မြေပဲစိုက်ခင်းတွေ စတင်သိမ်းဆည်းနေကြပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာ မိုးရွာသွန်းမှုကလည်း ကောင်းမွန်ခဲ့တဲ့အတွက် ဆီထွက်သီးနှံ မြေပဲစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းမှုလည်း ရှိတယ် ၊ အထွက်နှုန်းလည်း ကောင်းတယ်၊ တစ်ဧကကို မြေပဲတောင့်တင်းရေ ၅၆ ဒသမ ၁၂ တင်းခန့် ထွက်ရှိတယ်။ မြေပဲဈေးလည်းကောင်းတော့ ဒီနှစ် မြေပဲသီးနှံစိုက်ပျိုးတောင်သူတွေ လုပ်ငန်း အဆင်ပြေပါတယ်" ဟု ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

 

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာ အသုံးချပြီး     (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ သီးနှံများစိုက်ပျိုးရာတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိစေမည့် ဈေးကွက်ဝင်သီးနှံများကို ရွေးချယ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။ အဓိက စိုက်ပျိုးသည့် သီးနှံများမှာ စပါး ၊ နှမ်း ‌၊ နေကြာ ၊ မြေပဲ ၊ ပန်းနှမ်း ၊ ပဲတီစိမ်း ၊ ပဲထောပတ် ၊ ကုလားပဲ ၊ ပဲကြီး ၊ ပဲစင်းငုံ စသည့် သီးနှံများကို စိုက်ပျိုးကြပြီး ယခုနှစ်တွင် ဒေသခံတောင်သူများ မိုးဦးမိုးနဲ့ စိုက်ပျိုးသည့် မြေပဲစိုက်ခင်းများမှာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် စနစ်တကျ စိုက်ပျိုးဆောင်ရွက်ခဲ့သဖြင့် မြေပဲအထွက်နှုန်းများလည်း ကောင်းမွန် လျက်ရှိကြောင်း ၊ တစ်မြို့နယ်လုံး ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးမှုအနေဖြင့် လျာထားဧက ၄၅၄ ဧက ရှိပြီး အမှန်တကယ်စိုက်ပျိုးသည့် မြေပဲစိုက်ဧက ၆၃၂ ဧက  စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မိုးမိုးဝေ ထံက သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ -၂၀၂၃ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး ၆၉၀၉၄ ဧက၊ ဖူးစားပြောင်း ၉၈၀ ဧက ၊ နှံစား ပြောင်း ၂၁ ဧက ၊ ပဲကြီး ၁၆၈၅ ဧက ၊ ပဲစင်းငုံ ၆၃၆ ဧက ၊ ပဲတီစိမ်း ၃၃၆၂ ဧက ၊ အခြားပဲသီးနှံ ၃၀၈ ဧက ၊ နှမ်း ၈၉၂၄ ဧက ၊ မြေပဲ ၄၅၄ ဧက ၊ နေကြာ ၂၈၇ ဧက ၊ ဝါသီးနှံ(ခ.မ.ရ) ၂၄၄၉ ဧက ၊ ကြံ ၈ ဧက ၊ ထန်း ၂၂၂ ဧက ၊ ကွမ်း ၅၂ ဧက ၊ ငရုတ်စို ၅၇၆ ဧက ၊ အခြားစားသုံးသီးနှံပင် ၃၈၅၈ ဧက ၊ ပရဆေး ၂၅၇ ဧက ၊ ကျွဲ ၊ နွား တိရစ္ဆာန်အစာ ၃၀၂၀ ဧက ၊ အခြားသီးနှံ စိုက်ပျိုးမှု ၈၃၂ ဧက ၊ စုစုပေါင်း မိုးသီးနှံဧက ၉၇၀၂၅ ဧက လျာထား စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ စာရင်းအရ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)