ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံ ၁၄၁၃၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ လျာထားဧက ပြည့်မီရေး ဆက်လက်စိုက်ပျိုးလျက်ရှိ

ပွင့်ဖြူ       ဧပြီ      ၂၇

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဒေသတွင်းရှိ တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ တစ်မြို့နယ်လုံး နွေစပါးစိုက်ဧက ၂၉၆၁၈ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကာ ယနေ့အထိ နွေစပါးသီးနှံ စိုက်ဧက ၁၄၁၃၀ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

"ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး နွေစပါးသီးနှံ စိုက်ပျိုးမှုအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းဖြင့် စိုက်ပျိုးမည့် နွေစပါးသီးနှံစိုက်ဧက ၁၅၀၀၀ ဧက အပါအဝင် စုစုပေါင်း နွေစပါးသီးနှံ စိုက်ဧက ၂၉၆၁၈  ဧက စိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နွေစပါးစိုက်ပျိုးခြင်းကိုတော့ မဲဇလီရေလွှဲဆည်ရေနဲ့ မတ်လဆန်းကစပြီး စိုက်ပျိုးခဲ့လို့ ယနေ့အထိဆိုရင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနဲ့ စိုက်ပျိုးတဲ့ နွေစပါးစိုက်ဧက အပါအဝင် စုစုပေါင်း နွေစပါးစိုက်ဧက ၁၄၁၃၀ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ ဒေသခံတောင်သူတွေကိုလဲ  သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးရေးအတွက် လိုအပ်တဲ့ စိုက်ပျိုးရေးနည်းစနစ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိတဲ့အပြင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းတွေကလည်း ဌာနပိုင် ကောက်စိုက်စက်များဖြင့် ဒေသခံတောင်သူ များကို နွေစပါးများ ကူညီစိုက်ပျိုးပေးနေပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။

 

ထို့အပြင် ဒေသတွင်းရှိ တောင်သူဦးကြီးများ အရည်အသွေးကောင်းမွန်သော နွေစပါးသီးနှံ ပိုမိုစိုက်ပျိုး ထုတ်လုပ် နိုင်ရန်၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ နိုင်ငံတော် အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးသီးနှံဧက တစ်သောင်းခွဲ အကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ်နိုင်ရန် ဒေသခံတောင်သူများကို နွေစပါးစိုက်ကွက် တစ်ဧကလျှင် စိုက်ပျိုးစရိတ်နှင့် သွင်းအားစုပစ္စည်းဖိုး ငွေကျပ် နှစ်သိန်းနှုန်း ထောက်ပံ့ပြီး စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် နွေစပါးမျိုးများမှာ ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ ၊ ချမ်းမြေ့မေ ၊ ဆာဖိုးသာ ၊ ပခန်းရွှေဝါ ၊ ထိုင်းနှံကောက် ၊ GW-11 စပါးမျိုးနှင့် ရက် ၁၀၀ စပါးမျိုးတို့ကို စိုက်ပျိုးကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )