ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ ထိခိုက်ပျက်စီး

ပွင့်ဖြူ မေ ၂၁

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မေ ၂၀ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားခဲ့မှုကြောင့် မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူပေးလျက်ရှိသည့် ဓာတ်အားလိုင်းတိုင်များ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူပေးလျက်ရှိသည့် ၁၁ ကေဗွီ၊ ဖီဒါ - ၂ (မြို့ပေါ်ဖီဒါ) မုန်းဇလဲကျေးရွာနှင့် ညောင်ပင်စောက်ကျေးရွာအနီးရှိ လျှပ်စစ်ဓာတ်အားလိုင်း (၄)ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်း လျှပ်စစ်ဓာတ်အားလိုင်းတိုင် ထိခိုက်ပျက်စီးမှုကြောင့် အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် ကျေးရွာ (၁၃)ရွာခန့် ဓာတ်အားပြတ်တောက်လျက်ရှိပြီး အမြန်ဆုံး ဓာတ်အားပြန်လည် ပို့လွှတ်ပေးနိုင်ရေးအတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင် ဦးဆောင်သော လျှပ်စစ်ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းစစ်ဆေး ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)