ပွင့်ဖြူမြို့နယ်၌ မိုးဦးမိုးဖြင့် စိုက်ပျိုးသည့် ပဲစင်းငုံသီးနှံစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်

ပွင့်ဖြူ စက်တင်ဘာ ၂၇

 

မကွေးတိုင်းဒေသကြီး၊ ပွင်ဖြူမြို့နယ်တွင် ပဲမျိုးစုံသီးနှံ အထွက်နှုန်းကောင်းမွန်ရေးအတွက် ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် ပဲစင်းငုံသီးနှံ ၆၃၆ ဧက စိုက်ပျိုးရန်လျာထားရှိပြီး ယခု စက်တင်ဘာ တတိယပတ်အထိ ၅၂၃ ဧက စိုက်ပျိုးဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်းနှင့် မိုးရွာသွန်းမှုကောင်းမွန်ခဲ့သဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် ပဲစင်းငုံသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက ပဲစင်းငုံသီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်းကောင်းမွန်သော မုံရွာရွှေဒင်္ဂါး ပဲစင်းငုံတစ်မျိုးတည်းကိုသာ အားထားစိုက်ပျိုးကြကြောင်း သိရကာ သက်တမ်းရှည် သီးနှံဖြစ်သည့်အတွက် သီးနှံအပိုဝင်ငွေရရှိစေရန် သုံးလပင်ထောင်မြေပဲ၊ နှမ်း၊ ပဲတီစိမ်း စသည့် သီးနှံများဖြင့် တွဲဖက်ကာ သီးထပ်သီးညှပ်အဖြစ် အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ တွဲဖက်စိုက်ပျိုးသည့် သီးညှပ်သီးနှံများ ရိတ်သိမ်းပြီးချိန်တွင် ပဲစင်းငုံသီးနှံပင်များ ဖြစ်ထွန်းစေရန် ပေါင်းရှင်းခြင်း၊ မြေဆွခြင်း၊ မြေဩဇာကျွေးခြင်းနှင့် ပိုးမွှားရောဂါကျရောက်မှု ကင်းဝေးစေရန် ပိုးသတ်ဆေးနှင့် အပင်အားဆေးများ ပက်ဖျန်းခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြကြောင်း စိုက်ပျိုးပြီး သက်တမ်း (၇)လခန့်ကြာပါက သီးနှံရိတ်သိမ်းကြရကြောင်း ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။

 

ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ ပဲမျိုးစုံသီးနှံ အထွက်နှုန်းကောင်းမွန်စေရေးနှင့် ဒေသတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲစင်းငုံသီးနှံအပါအဝင် မြေပဲ၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ကုလားပဲ၊ စားတော်ပဲ စသည့် ပဲမျိုးစုံသီးနှံစိုက်ပျိုးခြင်းအား နှစ်စဉ် တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဒေသခံတောင်သူများကို ပဲမျိုးစုံသီးနှံစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ပံ့ပိုးကူညီပေးခြင်း၊ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်အတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေးနှင့် ကိုယ်တိုင်မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်နိုင်ရေး နည်းပညာများ ဖြန့်ဝေပေးခြင်း၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အချိန်မီ ရိတ်သိမ်းခြွေလှေ့နည်းစနစ်များ အသိပညာပေးခြင်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် ပဲစင်းငုံသီးနှံစိုက်ပျိုးခြင်းကို ရေပုတ်ကြီးကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာ၊ ရေပုတ်ကလေးကျေးရွာ၊ မဲဇလီကျေးရွာ၊ ကျွဲတံခါးကျေးရွာ၊ ရေယာဉ်ကျေးရွာ၊ ချောင်းဆုံကျေးရွာနှင့် ကန်ရွာကျေးရွာတို့တွင် ဒေသခံတောင်သူများက နှစ်စဉ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းမွန်ခဲ့သဖြင့် ပဲစင်းငုံသီးနှံ စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)