ပွင့်ဖြူမြို့နယ်၌ နွေစပါးသီးနှံ ဧက တစ်သောင်းကျော် စိုက်ပျိုးပြီးစီးပြီဖြစ် 

ပွင့်ဖြူ ဧပြီ ၃

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေစပါး ဧက ၁၀၅၁၅ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။ 

 

ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါးဧက ၃၁၂၈၇ ဧက စိုက်ပျိုးရန်လျာထားပြီး ဖေဖော်ဝါရီလမှ စတင်၍ စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၀၅၁၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

 

"ပွင့်ဖြူမြို့နယ်မှာ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီအတွက် နွေစပါးသီးနှံ ၃၁၂၈၇ ဧက စိုက်ပျိုးသွားဖို့ လျာထား ပါတယ်။ ဒီနေ့အထိ ဧက ၁၀၅၁၅ ဧကစိုက်ပျိုးပြီးစီးနေပြီ ဖြစ်ပါတယ်။ နွေစပါးသီးနှံ လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် လိုအပ်တဲ့စိုက်ပျိုးနည်းပညာတွေနဲ့ မျိုးကောင်းမျိုးသန့်ရရှိစေဖို့ တောင်သူ တွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်။ စပါးစိုက်ပျိုးရာမှာ အဓိကသီးနှံအထွက်နှုန်းကို တစ်ဧက ပန်းတိုင် အထွက်နှုန်းများရရှိအောင် ဆောင်ရွက်နေပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ တောင်သူတွေကို စိုက်နည်းစနစ်များ မှန်ကန်အောင် စိုက်ပျိုးကြဖို့ တွန်းအားပေးဆောင်ရွက်သလို အထွက်နှုန်းကောင်းတဲ့ ဆာဖိုးသာစပါးမျိုးစေ့ များကိုလဲ ထောက်ပံ့ကူညီပေးထားပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

 

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါးသီးနှံ စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရန်၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့် ဆက်စပ်ဌာနများက နွေသီးနှံစိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးလုပ်ငန်းများကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး တောင်သူများ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားစေရေးအတွက် စိုက်နည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေဆီလွှာကောင်းမွန် စေရန် သဘာဝမြေဆွေး၊ မြေဩဇာနှင့် သဘာဝပိုးသတ်ဆေး စသည့် စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ ကိုယ်တိုင်ပြုလုပ်သုံးစွဲနည်းစနစ်များကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။ 

 

ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာတွင် နွေစပါး ၃၁၂၈၇ ဧက၊ တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာတွင် နွေနှမ်း ၃၇၃၄၈ ဧက၊ စုစုပေါင်း နွေသီးနှံစိုက်ဧက ၆၈၆၃၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယနေ့အထိ နွေစပါးစိုက်ပျိုးပြီးစီးမှု ၁၀၅၁၅ ဧက ၊ နွေနှမ်း (၄)ဧကခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရပြီး ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် စပါးမျိုးများမှာ ဆာဖိုးသာ ၊ GW 1 ၊ ရတနာတိုး ၊ မနောသု ၊ ဆင်းသုခ ၊ ချမ်းမြေမေ စသည့် စပါးမျိုးများကို  စိုက်ပျိုးကြကြောင်း သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)