ပွင့်ဖြူ မေ ၁၄
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၅၇၆၁၆ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းကောင်းမွန်စေရန် တောင်သူများ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၄၁၄၅၂ ဧက စိုက်ပျိုးရန် လျာထားပြီး ၂၀၂၅ ခုနှစ် မတ်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ နှမ်း ၅၇၆၁၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ပိုမိုစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း နှမ်း ၅၇၆၁၆ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ နွေနှမ်း စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဒေသတွင်းရှိ နှမ်းစိုက်တောင်သူတွေကို မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးပြီး စိုက်ပျိုးရေးနည်းပညာ အသိပညာပေးတာတွေ၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ဖို့ အသိပညာပေးတာတွေ ၊ စိုက်ပျိုးရေ စနစ်တကျသုံးစွဲကြဖို့နဲ့ စိုက်ပျိုးရေးသွင်းအားစုတွေ မှန်မှန်ကန်ကန် သုံးစွဲကြဖို့ အသိပညာပေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်း ဆီစားသုံးမှု ဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နှမ်းစိုက်တောင်သူများကို ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ မြေဩဇာ စနစ်တကျ သုံးစွဲရေး၊ ပိုးမွှားကျရောက်မှု မရှိစေရေး၊ ပန်းတိုင်အထွက်နှုန်းများရရှိရေး စသည့် တောင်သူအသိပညာပေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
နှမ်းကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ပြည်တွင်းဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုပါ ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန် နေရာမရွေး ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)