ပွင့်ဖြူမြို့နယ်၌ ပဲတီစိမ်းသီးနှံဧက ၄၃၄၃ ဧက လျာထားစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းကာ သီးနှံအထွက်နှုန်းများကောင်းမွန်

ပွင့်ဖြူ စက်တင်ဘာ ၂၀                                                

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်းသီးနှံဧက ၄၃၄၃ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်းနှင့် အချို့ကျေးရွာများတွင် မိုးဦးမိုးဖြင့် ဆောလျင်စွာ စိုက်ပျိုးထားသည့် ပဲတီစိမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး စတင်သိမ်းဆည်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး ဈေးကွက်ရှိသည့် ပဲတီစိမ်းသီးနှံကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ ထိုသို့ ဒေသခံတောင်သူများ မိုးပဲတီစိမ်းသီးနှံများ စိုက်ပျိုးရာ၌ တစ်ဧကသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရှိ နယ်မြေအလိုက် ကွင်းဝန်ထမ်းများက အခြေခံစိုက်ပျိုးရေးနည်းပညာများနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ကွင်းဆင်းကြီးကြပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သဖြင့် ပဲတီစိမ်းသီးနှံစိုက်ခင်းများမှာ ယခင်နှစ်ကထက် ယခုနှစ်တွင် သီးနှံအထွက်နှုန်း ပိုမိုကောင်းမွန်ခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဒေသဟာ စိုက်ပျိုးရေဖူလုံတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရတာ အဆင်ပြေတယ်။ နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံးလည်း စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြတယ်။ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဈေးကွက်ရှိတဲ့ ပဲတီစိမ်းသီးနှံကို တောင်သူအများစု စိုက်ပျိုးလုပ်ကိုင်ကြတယ်။ ကျွန်တော်တို့ ဒေသခံတောင်သူတွေကိုလည်း တစ်ဧကသီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းတွေက စိုက်ပျိုးရေးနည်းပညာတွေ ပံ့ပိုးကူညီပေးသလို မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်အောင်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့ကျေးရွာမှာဆိုရင် ဒေသခံတောင်သူတွေက မိုးဦးမိုးနဲ့ ပဲတီစိမ်းသီးနှံကို ဆောလျင်စွာ စိုက်ပျိုးခဲ့တဲ့အတွက် သိမ်းဆည်းနေကြပြီဖြစ်ပါတယ်။ တစ်ဧကကို ပြီးခဲ့နှစ်က ၁၈ တင်းလောက်ပဲ ထွက်တယ်။ ဒီနှစ်မှာ တစ်ဧကကို (၁၉/၂၀)တင်းအထိ ထွက်တယ်။ ဒါ့ကြောင့် ဒီနှစ် ပဲတီစိမ်းစိုက်ပျိုးတဲ့ တောင်သူတွေ သီးနှံအထွက်နှုန်း ကောင်းတဲ့အတွက် လုပ်ငန်းအဆင်ပြေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ပဲတီစိမ်းသီးနှံဧက ၄၃၄၃ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ထားရှိပြီး မိုးဦးမိုး ရွာသွန်းမှုအားကောင်းခဲ့သဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးသည့် ပဲတီစိမ်းသီးနှံ စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း သိရသည်။ အချို့ကျေးရွာများတွင် ဒေသခံတောင်သူများက မိုးဦးမိုးဖြင့် ပဲတီစိမ်းသီးနှံအား ဆောလျင်စွာစိုက်ပျိုးနိုင်ခဲ့သဖြင့် ဩဂုတ်လကုန်မှ စတင်ပြီး သီးနှံရိတ်သိမ်းခြွေလှေ့ရကြောင်း သိရကာ ယခုလ ၁၈ ရက်နေ့အထိ ပဲတီစိမ်းစိုက်ဧက ၃၁၈၀ ဧက ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံက သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)