ပွင့်ဖြူ   အောက်တိုဘာ   ၂၆

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်၌  ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် နေကြာသီးနှံ ဧက ၂၆၅၀ အထိ စိုက်ပျိုးပြီးစီး သွားပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ နေကြာစိုက်ဧက ၁၆၁၅၀  စိုက်ပျိုးရန်  လျာထားပြီး  အဆိုပါ နေကြာသီးနှံစိုက်ပျိုးခြင်းကို ယခုနှစ် အောက်တိုဘာလ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် နေကြာသီးနှံ ဧက ၂၆၅၀ အထိ စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း၊ တောင်သူများ နေကြာသီးနှံ အခက်အခဲမရှိ စိုက်ပျိုးနိုင်ရေး  လိုအပ်သည့်  မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေးနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း နေကြာသီးနှံ ဧက  ၁၆၁၅၀ စိုက်ပျိုးဖို့ လျာထားပါတယ်။ လျာထားစိုက်ဧက ပြည့်မီစေဖို့ အောက်တိုဘာလ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ဒီနေ့မှာ ဧက ၂၆၅၀ အထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ နေကြာသီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး အထွက်နှုန်းများ တိုးတက်စေဖို့နဲ့ အရည်အသွေးကောင်းမွန် စေဖို့အတွက် ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေ ရွေးချယ်စိုက်ပျိုးနိုင်အောင် ကူညီဆောင်ရွက်ပေးပါတယ်။ နေကြာသီးနှံစိုက်ပျိုးတာကို   သီးသန့်စိုက်ပျိုးကြသလို  အခြားသီးနှံများတွေ  ရောနှောပြီး သီးညှပ်စိုက်ပျိုးကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။         

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)