ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲကြီးသီးနှံ ၃၆၉၅ ဧက စိုက်ပျိုးပြီးစီး

ပွင့်ဖြူ ၁၂ ဖေဖော်ဝါရီ      

            မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌  ပဲကြီးသီးနှံစိုက်ဧက ၃၆၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က  ပြောပြခဲ့သည်။

            ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲကြီးသီးနှံဧက ၄၁ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ပဲကြီးစိုက်ဧက ၃၆၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်ဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

            " ပွင့်ဖြူမြို့နယ်မှာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲကြီးသီးနှံ  ၄၁ ဧက စိုက်ပျိုးဖို့ လျာထားခဲ့ရာ ဒီနေ့အထိ ပဲကြီးစိုက်ဧက  ၃၆၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်လို့ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ ပါတယ်။  ပဲကြီးသီးနှံက ဈေးကွက်ရှိတာကြောင့်  ဒေသခံတောင်သူတွေက  အားထားစိုက်ပျိုးကြတော့ လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေက ဒေသခံတောင်သူတွေကို ပဲကြီးစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး သီးနှံအထွက်နှုန်း တိုးပွားဖို့နဲ့ သီးနှံအရည်အသွေး ကောင်းမွန်စေဖို့ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း၊ GAP စနစ်နဲ့ စိုက်ပျိုးခြင်း၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရာ၌ သဘာဝပိုးသတ်ဆေး ထုတ်လုပ်အသုံးပြုခြင်း၊ အချိန်မီ ရိတ်သိမ်းခြင်းစတဲ့ နည်းစနစ်များကို အဓိကထား ဆောင်ရွက်ဖို့ အသိပညာပေးထားပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။  

            ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရေး၊ တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရေးအတွက် ပဲမျိုးစုံသီးနှံ ၃၈၀၈၄  ဧက၊ ဆီထွက်သီးနှံစုံ ၂၂၃၅၅ ဧက၊ စားဖိုဆောင်သီးနှံစုံ ၆၆၁၆ ဧက၊ ဖူးစားပြောင်း ၃၀၄၈ ဧက၊ ကျွဲနွားတိရစ္ဆာန်အစာ ၇၄၂၅ ဧက၊ အခြား အထွေထွေစားသုံးသီးနှံ ၃၈၅ ဧက၊ စုစုပေါင်း ဆောင်းသီးနှံစုံဧက ၇၇၉၁၄ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကာ ယနေ့အထိ ဆောင်းသီးနှံစုံ စိုက်ဧက ၁၂၆၀၃၀ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

 

လှိုင်ဝင်းလေး( ပွင့်ဖြူမြေ )