ပွင့်ဖြူမြို့နယ်တွင် စေတနာအလှူရှင်များ၏ လှူဒါန်းငွေဖြင့် ဝယ်ယူသည့် ၄၀ လီတာ အောက်ဆီဂျင်အိုးများ စတင်ရောက်ရှိ

ပွင့်ဖြူ ဩဂုတ်

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာများနှင့် အခြားသော နာမကျန်း လူနာများအတွက် အောက်ဆီဂျင် အရေးပေါ်လိုအပ်လာပါက အခက်အခဲမရှိ အဆင်ပြေစွာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေးအတွက် ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ဦးဆောင်၍ စေတနာရှင်ပြည်သူများ ထည့်ဝင်လှူဒါန်းငွေဖြင့် ၄၀ လီတာ အောက်ဆီဂျင်အိုး (၃၅) လုံး ဝယ်ယူခဲ့ရာ ဇူလိုင် ၃၁ ရက်က အောက်ဆီဂျင်အိုး ၁၄ လုံးနှင့် Oxygen Regulator (၁၀) ခု ရောက်ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ဘဏ္ဍာရေးမှူးဖြစ်သူ ဦးအောင်မျိုးဆက်ထံက သိရသည်။

 

ကျွန်တော်တို့မြို့နယ် သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းက မြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာတွေနဲ့ အခြားနာမကျန်းလူနာတွေအတွက် အောက်ဆီဂျင် အရေးပေါ် လိုအပ်လာပါက အဆင်ပြေစွာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်အောင်ဆိုပြီး အောက်ဆီဂျင်အိုးများ ဝယ်ယူနိုင်ရေးအတွက် ဒေသခံပြည်သူများနဲ့ ရပ်ဝေးရပ်နီးမှ စေတနာရှင်ပြည်သူများထံမှ အလှူငွေများ ကောက်ခံပြီးတော့ အောက်ဆီဂျင် ၄၀ လီတာအိုး အလုံးရေ (၃၅) လုံးနဲ့ အောက်ဆီဂျင်အိုးနဲ့ တွဲဖက်အသုံးပြုတဲ့ Oxygen Regulator စက် (၂၅) လုံး ဝယ်ယူထားရှိရာမှာ မနေ့က အောက်ဆီဂျင်အိုး ၁၄ လုံးနဲ့ Oxygen Regulator (၁၀) ခု ရောက်ရှိပြီဖြစ်ပါတယ်။ ကျန်တဲ့ အောက်ဆီဂျင်အိုး (၂၁) လုံးနဲ့ Oxygen Regulator (၁၅) ခုကတော့ ဩဂုတ် (၁၅) ရက်နေ့မှ ထပ်မံရောက်ရှိမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အောက်ဆီဂျင်အိုး စီစဉ်ထားရှိမှုအနေနဲ့က မြို့နယ်ပြည်သူ့ဆေးရုံ၊ ကုန်းဇောင်းတိုက်နယ်ဆေးရုံ၊ မဲဇလီတိုက်နယ်ဆေးရုံ အပါအဝင် မြို့နယ်အတွင်း လူမှုရေးအသင်းအဖွဲ့  (၂၉) တို့မှာ ၄၀ လီတာအိုးနဲ့ ၁၅ လီတာအိုး စုစုပေါင်း ၁၂၆ လုံး၊ ယခု ထပ်မံ ဝယ်ယူထားတဲ့ အောက်ဆီဂျင် ၄၀ လီတာအိုး ၁၄ လုံး စုစုပေါင်း အောက်ဆီဂျင်အိုး အလုံးရေ ၁၄၀ ရှိနေပြီဖြစ်လို့ လူနာတွေအတွက် အောက်ဆီဂျင်လိုပါက အဆင်ပြေစွာ ဆောင်ရွက်သွားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့မြို့နယ်မှာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက အောက်ဆီဂျင်ထုတ်စက် ဝယ်ယူတပ်ဆင်နိုင်ရေး အတွက်ကိုလည်း ငွေကျပ် သိန်း ၅၀၀ ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ မကြာမီမှာ ကျွန်တော်တို့ မြို့နယ်အတွက် အောက်ဆီဂျင်ထုတ်စက် ဝယ်ယူတပ်ဆင်ဖို့အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့မြို့နယ်မှာ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာနဲ့ အခြား နာမကျန်း လူနာများအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို အဆင်ပြေအောင် ဖြည့်ဆည်းပေးနိုင်တော့မှာ ဖြစ်ပါတယ်ဟု ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ဘဏ္ဍာရေးမှူးဖြစ်သူ ဦးအောင်မျိုးဆက်က ပြောကြားသည်။

 

ပွင့်ဖြူမြို့နယ်တွင် ဇွန် ၂၉ ရက်မှ ယနေ့အထိ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ (၄၅၂)ဦး ရှိပြီဖြစ်ကာ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၂၂၅ ဦး၊ ဆေးဝါးကုသမှု ခံယူနေဆဲ ပိုးတွေ့အတည်ပြုလူနာ ၂၂၀၊ သေဆုံးသူ () ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ  သိရသည်။ 

 

ရဲဝင်းနိုင်(ပြန်/ဆက်)

mdn