ပြင်းပြသောဆန္ဒဖြင့် အဂတိတိုက်ဖျက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ထုတ်ပြန်သော တစ်ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု ဘာရိုမီတာ၌ အာရှဒေသ (၁၇) နိုင်ငံအတွင်း ဆောင်ရွက် ခဲ့သောစစ်တမ်းအရ အများပြည်သူများလက်ခံသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းအဖြစ် အမြင့်ဆုံး အဆင့်ရရှိခဲ့ပြီး အဂတိလိုက်စားမှုအား လုံခြုံစိတ်ချစွာတိုင်ကြားနိုင်မှုတွင်လည်း အမြင့်ဆုံးအဆင့်ပေးအပ်ခဲ့ပေသည်။

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ကောင်းမွန်စွာဆောင်ရွက်နိုင်သောကြောင့် အာရှနိုင်ငံအတွင်း အဆင့်(၁) နေရာအဖြစ် အမြင့်ဆုံးအသိအမှတ်ပြုခံရခြင်းသည် နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံသည် ဂုဏ်ယူဖွယ်ရာ နိုင်ငံ့အင်္ဂါရပ်တစ်ခုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် အုပ်ချုပ်သူအစိုးရများအဖို့ ထိထိရောက်ရောက်ဆောင်ရွက်ရန် အထူးတလည်လိုအပ်နေသည့် အလွန်ကြီးမားသော စိန်ခေါ်မှုဖြစ်သည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်နေချိန်တွင် မြန်မာနိုင်ငံအနေဖြင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည်မှာ ထင်ရှားပါသည်။

 

အဂတိလိုက်စားမှုသည် နှစ်ကာလရှည်ကြာစွာ အမြစ်တွယ်ရှင်သန်နေသော လုံးဝအလျှင်းပျောက်ကင်းရန်၊ ကုစားရန် ခက်ခဲသည့် ကင်ဆာရောဂါကဲ့သို့ ဆိုးရွားသောရောဂါမျိုးလိုဖြစ်သည်။ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေးကို ပြည်သူလူထုအခြေပြု နည်းလမ်းများဖြင့် လျှောက်လှမ်းလျက်ရှိသည့် မျက်မှောက်ကာလတွင် အဂတိလိုက်စားမှုပြဿနာကို ထိထိရောက်ရောက်တိုက်ဖျက်နိုင်ရေးအတွက် အားလုံးပါဝင် ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

အဂတိလိုက်စားမှုသည် လူတို့၏အဇ္ဈတ္တတွင် အမြစ်တွယ်နေသည့် လောဘ၊ မောဟကို အခြေခံသဖြင့် အမြစ်ပြတ်ဖြေရှင်းရန် မလွယ်ကူသော စိန်ခေါ်မှုကြီးဖြစ်သည်။ ထို့ကြောင့် “အဂတိလိုက်စားမှုတွေဟာ ဘယ်လို အကြောင်းအချက်တွေကြောင့် ဖြစ်ပေါ်လာရတာလဲဆိုတဲ့အဂတိကို လက်ယပ်ခေါ်နေတဲ့ ရေခံမြေခံတွေမှန်သမျှ ဖယ်ထုတ်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့သည်။ အဂတိလိုက်စားမှု သည် အလွန်နက်နဲရှုပ်ထွေးသည့်ပြဿနာဖြစ်ပြီး ပေးသူနှင့်ယူသူကြားတွင် လျှို့ဝှက်မှုများရှိနေသည့် ပြဿနာ ဖြစ်သည်။

 

အဂတိလိုက်စားမှုကို သာမန်အားဖြင့်ကြည့်လျှင် လာဘ်ပေးလာဘ်ယူမှုအဖြစ်သာ မြင်တွေ့နိုင်သော်လည်း လက်တွေ့တွင် ထို့ထက်မကများစွာနက်နဲပေသည်။ ဆင်းရဲနွမ်းပါးမှုနှင့် မညီမျှမှုကို ဖြစ်ပေါ်စေခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းစွမ်းဆောင်ရည်များ ကျဆင်းလာစေနိုင်ခြင်း၊ အခြေခံအဆောက်အအုံများဆုံးရှုံးခြင်း၊ မှန်ကန်မှု မရှိသော စီးပွားရေးစနစ်များ၊ ရာသီဥတုပြောင်းလဲမှုနှင့် ဇီဝမျိုးကွဲများ ပျက်စီးမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်စေမှု စသည့်ဆိုးကျိုးများစွာရှိပါသည်။

 

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကာလတွင် အဂတိလိုက်စားမှုသည် နိုင်ငံတစ်နိုင်ငံတည်းဖြစ်ပေါ်နေခြင်း မဟုတ်တော့ ဘဲ လူ့အဖွဲ့အစည်းများနှင့် စီးပွားရေးစနစ်တစ်ခုလုံးကို ထိခိုက်စေနိုင်သည့် ပြဿနာဖြစ်သည်။ အဂတိ လိုက်စားမှုကို တိုက်ဖျက်နိုင်ရေးအတွက် ထိရောက်သောဥပဒေများဖြင့် ဆောင်ရွက်နိုင်ရန်လိုအပ်ရာ ဖြစ်ပေါ်လာသောပြဿနာ အခြေအနေများအပေါ် မူတည်၍ ဥပဒေများကို ပြောင်းလဲပြင်ဆင်ကာ ထိထိရောက်ရောက်ဆောင်ရွက်ရမည် ဖြစ်သလို လက်တွေ့တွင်လည်း ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရပါသည်။

 

အဂတိလိုက်စားမှုများကို ကိုင်တွယ်ဆောင်ရွက်ရာ၌ အသုံးပြုသူများကသာ လိုအပ်သလို ဆွဲယူအသုံးချနိုင်သည့်၊ အလွန်ရှုပ်ထွေးပြီး လူအများနားလည်ရခက်ခဲသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ စည်းမျဉ်း စည်းကမ်းများအား အများပြည်သူ လွယ်ကူရှင်းလင်းစွာ သိနားလည်နိုင်သည့် ဖော်ပြချက်များနှင့် ပြုပြင်ရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လမ်းညွှန်ထားသည်။ ယခုအခါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် တံစိုး လက်ဆောင်ယူသူရော၊ ပေးသူပါမည်သူ့ကိုမဆို အရေးယူနိုင်ခြင်း၊ ပြည်သူ့ဘဏ္ဍာရန်ပုံငွေဆုံးရှုံးမှုအချို့ကို အကာအကွယ်ပေးနိုင်ခြင်း၊ အများပိုင်နှင့် ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းဆိုင်ရာကျင့်ဝတ်များ ချမှတ်ကျင့်သုံးရေး စတင်ဆောင်ရွက်နိုင်ခြင်း၊ အသိပညာပေးခြင်း၊ ကျောင်းသင်ခန်းစာအဖြစ် ဆောင်ရွက်နိုင်ခြင်း စသည်ဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံဆောင်ရွက်နိုင်ခဲ့သဖြင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်ပြီး နိုင်ငံအတွက် ဂုဏ်ယူနိုင်ခဲ့သည်။

 

သို့ဖြစ်ရာ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မဏ္ဍိုင်ကြီးသုံးရပ် ဖြောင့်မတ်တည်ကြည်မျှတ မြင့်မားတိုးတက် လာရေးကို အလေးထားမျှော်မှန်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နိုင်ငံရေးစိတ်ဆန္ဒပြင်းပြစွာဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါကြောင်း။   ။

ကြေးမုံ