ပြင်းပြသည့်ဆန္ဒဖြင့် ငြိမ်းချမ်းရေးကိုရယူ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်များ မတ်လ ၂၁ ရက်နေ့က နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အစည်းအဝေးခန်းမ၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခြင်းသည် ငြိမ်းချမ်းရေးအတွက် အရေးပါသည့် သမိုင်းဝင်ခြေလှမ်းတစ်ခု ဖြစ်သည်။


ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ကြိုးပမ်းရာ၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလက်မှတ်ရေးထိုးရေးသည် ကနဦး အချက်ဖြစ်၍ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေးစတင်ကတည်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံးကို ငြိမ်းချမ်းရေးတံခါးဖွင့်ပေးခဲ့သည်။

 

တပ်မတော်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးလှုပ်ရှားမှု အားလုံးကို ရပ်ဆိုင်းပေးပြီး တပ်လှုပ်ရှားမှုရပ်ဆိုင်းထားသည့် ကာလ အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NRPC နှင့်တွေ့ဆုံကာ ငြိမ်းချမ်းရေးဆွေးနွေးသွားရန်နှင့် လိုအပ်ပါက တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသွားရန် အသိပေးထားသည်။

 

အကျိုးဆက်အနေဖြင့် ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် မျက်နှာချင်းဆိုင်ဆွေးနွေးနိုင်သည်ကို ဝမ်းမြောက်ဖွယ်တွေ့ရသည်။ ပြဿနာတစ်ရပ်ကို လက်နက်ကိုင်နည်းလမ်း ဖြင့် ဖြေရှင်းခဲ့ကြရာ၌ ယနေ့တိုင် မဖြေရှင်းနိုင်သေးသည်ကို ရှည်ကြာ နေသော လက်နက်ကိုင်ပဋိပက္ခများက သက်သေပြနေသည်။ ပြဿနာ ဇာစ်မြစ်မှာ နိုင်ငံရေးပြဿနာဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်သရွေ့ အဆိုးသံသရာတွင် လည်နေဦးမည်ဖြစ်သည်။

 

ပြည်သူ့အစိုးရလက်ထက်တွင် (၂၁)ရာစုပင်လုံညီလာခံကို သုံးကြိမ် ကျင်းပခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ်အခြေခံမူသဘောတူညီချက် (၅၁)ချက် ရခဲ့သော်လည်း ဃြဗ လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များပါဝင်နိုင်မှုမရှိသေး၍ အခြေခံမူများချမှတ်ရာ၌ လိုအပ်ချက်များရှိနေသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် NCA တွင် အားလုံးပါဝင်လာမည်ဆိုပါက ပြည်သူတစ်ရပ်လုံးမျှော်လင့်နေသည့် ငြိမ်းချမ်းရေးပန်းတိုင်မှာအလှမ်းမဝေးတော့မည်ဖြစ်သည်။


NCA လမ်းကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်လာရန် အစိုးရ နှင့်တပ်မတော်တို့ အမြဲဖွင့်ထားသော ငြိမ်းချမ်းရေးတံခါးပေါက်သို့ ဃြဗ လက်မှတ်မထိုးရသေးသော အဖွဲ့များရောက်ရှိလာသည်ကို အားလုံးက ကြိုဆိုကြမည်ဖြစ်သည်။ ယခင်မကြုံဖူးသောအခင်းအကျင်းသစ် ယနေ့ ဖြစ်လာပြီး တန်းတူရည်တူ အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေး နေနိုင်ကြပြီ ဖြစ်သည်။ ထို့ကြောင့်ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန်အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုတို့နှင့် ညှိနှိုင်း ဆွေးနွေးအဖြေရှာပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်သည်။

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ ယခုကဲ့သို့ နိုင်ငံရေးစားပွဲဝိုင်းတွင် မကြာခဏတွေ့ဆုံဆွေးနွေးခြင်းဖြင့် အနာဂတ်တွင် ရလဒ်ကောင်းများပေါ်ထွက်လာမည်ဟု ယုံကြည်ပါသည်။ထိုသို့တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြစ်ပွားနေသည့် ပဋိပက္ခများကို လျှော့ချ နိုင်သဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် မိဘပြည်သူများ စိုးရိမ်ပူပန်မှု၊ ဒုက္ခဆင်းရဲဖြစ်မှုတို့မှ သက်သာစေနိုင်သည်။

 

သို့ဖြစ်ရာ အမှန်တကယ် လိုချင်သည့်ဆန္ဒရှိပါက ငြိမ်းချမ်းရေးကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်မည်ဖြစ်၍ အစိုးရ၊ တပ်မတော်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ဃြဗ လက်မှတ်မရေးထိုးရသေး သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့မှ ခေါင်းဆောင်များ အကောင်းဆုံး တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်မည့်နည်းလမ်းဖြင့် ငြိမ်းချမ်းရေး ကို ရယူနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။


ကြေးမုံ