ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းရှိ ဗလီတစ်လုံး၌လူတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သဖြင့် နှစ်ဦးဒဏ်ရာရ

mdn

ပါရီ ၃၀ အောက်တိုဘာ

 

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဘေယိုနေးမြို့မှ ဗလီတစ်လုံးတွင် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူနှစ်ဦးဒဏ်ရာရခဲ့ပြီး ပစ်ခတ်သူအား ဖမ်းဆီးထား သည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။

 

အောက်တိုဘာ ၂၈ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်တွင် သေနတ်သမားက ဗလီ၏ တံခါးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်သည်ကို အခြားလူနှစ်ဦးကတွေ့ခဲ့ပြီး တားဆီးရန် ကြိုးပမ်းစဉ် ၎င်းတို့ နှစ်ဦး သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံ စီရင်စု အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သေနတ်ဖြင့် ပစ်ခတ်သူသည် မော်တော်ယာဉ်တစ်စီး ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး လက်စ်လန်းဒ် အရပ်ရှိ ၎င်း၏ နေအိမ်အနီးတွင် အဖမ်းခံခဲ့ရကြောင်း ယင်းထုတ် ပြန်ချက်၌ ဖော်ပြသည်။

 

ဒဏ်ရာရရှိသွားသူနှစ်ဦးမှာ အသက် (၇၈) နှစ်နှင့် (၇၄)နှစ်အရွယ် အမျိုးသားများဖြစ်ပြီး ၎င်းတို့အား ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပေးထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

သေနတ်ဖြင့်ပစ်ခတ်သူမှာ အသက်(၈၀)ကျော် အဘိုး အိုတစ်ဦးဖြစ်ပြီး ၎င်းသည် ၂၀၁၅ ခုနှစ်တွင် ကျင်းပသော ပြည်နယ်ရွေးကောက်ပွဲ၌ မာရင်းလီပန်းဦးဆောင်သော လက်ယာယိမ်းပါတီမှ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ကြောင်း ဒေသတွင်း သတင်းများ၌ ဖော်ပြသည်။

 

ကိုးကား-ဆင်ဟွာ

 ဘာသာပြန် - ဇော်ဝင်း