ပြင်သစ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများလျှော့ချရန် ညမထွက်ရအမိန့်ထုတ်ပြန်

ပါရီ ၁၈  ဇန်နဝါရီ

ပြင်သစ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများကို လျှော့ချရန်အတွက် ယမန်နေ့မှစတင်ပြီး ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ သက်ရောက်မှုရှိမည့် ညမထွက်ရအမိန့်ကို တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် လူ ၇၀၀၀၀ သေဆုံးခဲ့သည်။ တာဝန်ရှိသူများက ဗြိတိန်မှပျံ့နှံ့လာသော ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်၏ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ ရှိနေသည်။ ဇန်နဝါရီ ၁၈ ရက်မှစတင်ပြီး ဥရောပသမဂ္ဂဒေသ၏ ပြင်ပရှိ နိုင်ငံများမှ ပြင်သစ်နိုင်ငံသို့ ရောက်ရှိလာသူများသည် ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ဆေးလက်မှတ်ပြသရမည်ဖြစ်ပြီး နိုင်ငံအတွင်းသို့ ရောက်ရှိသည့်အချိန်တွင် သီတင်းတစ်ပတ်ကြာ သီးသန့်ခွဲခြား စောင့်ကြည့်မှုကို ခံယူရမည်ဖြစ်သည်။

လက်ရှိနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေအရ ယခုကဲ့သို့သော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများကို ထုတ်ပြန်ထားရခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါကူးစက်ပျံ့နှံ့မှုသဘာဝ ပြောင်းလဲလာသည့်အတွက် မိမိတို့အနေဖြင့် သတိထားရန် လိုအပ်ကြောင်း ပြင်သစ်ဝန်ကြီး ချုပ်ယွန်ကာစတက်စ်က ပြောကြားသည်။

နိုင်ငံအတွင်း ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် တက်ရောက်ကုသသူ အရေ အတွက် မြင့်တက်လျက်ရှိသည်။ ။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဖြူးရေးတွင် နှောင့်နှေးမှုများရှိနေသဖြင့် အစိုးရအား ဝေဖန်မှုများပြားနေသည်။ ယခုထုတ်ပြန်သည့် ညမထွက်ရအမိန့်သည် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာတွင် အကျိုးသက်ရောက်မှုအနည်းငယ်သာရှိမည် ဖြစ်ကြောင်း ပါရီရှိ Piti-Salp trire ဆေးရုံမှ ရောဂါဗေဒဆိုင်ရာပညာရှင် ရီနောပီရော့က ပြောကြားသည်။

မိမိတို့အနေဖြင့် ဗြိတိန်နှင့်ဂျာမနီနိုင်ငံတို့ကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကို အားထုတ်ဆောင်ရွက် ရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများကိုလည်း တင်းကျပ်သွားရမည်ဟု ၎င်းက ပြောကြားသည်။

ကိုးကား- အေအက်ဖ်ပီ

ဘာသာပြန်- စိုးသူရ