ပြင်သစ်နိုင်ငံ၌ တစ်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇၀၀၀၀ ကျော်ရှိလာ

ပါရီ ဒီဇင်ဘာ ၃၀

 

ပြင်သစ်နိုင်ငံ၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇၉၈၀၇ ဦး စံချိန်တင် တွေ့ရှိခဲ့ကြောင်း သိရသည်။

 

နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုအများအပြား တွေ့ရှိရာမှတစ်ဆင့် ယခု ကဲ့သို့တစ်နေ့အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ အရေအတွက် မြင့်တက်လာရခြင်းဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။ ထို့ပြင် နှစ်သစ်ကူးအားလပ်ရက်များ အတွင်း မိသားစုတွေ့ဆုံမှုများ များပြားလာခြင်းကလည်း ရောဂါကူးစက်ရန် အခွင့်အလမ်းပေးနေ သကဲ့သို့ဖြစ်နေကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားသည်။

 

ထို့ပြင် အများပြည်သူဆိုင်ရာ နေရာများသို့ ဝင်ထွက်သွားလာရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်းလက်မှတ် ပြသရမည့်ဥပဒေတစ်ရပ်ကို မကြာမီ အတည်ပြုပြဋ္ဌာန်းနိုင်ရန် ပြင်သစ်အစိုးရက ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင်လုပ်သားများအား သီတင်းတစ်ပတ်လျှင် သုံးရက် မိမိနေအိမ်မှ အလုပ်လုပ်ခွင့်ပြုမည့် အစီအစဉ်ကိုလည်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြင်သစ် အစိုးရကပြောကြားသည်။ လက်ရှိအချိန်တွင် ပြင်သစ်အစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းများကို တင်းကျပ်စွာချမှတ် ထားကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ