ပြင်သစ်နိုင်ငံတွင် အဝါရောင်ဝတ် ဆန္ဒထုတ်ဖော်မှုများ ရက်သတ္တ ၁၃ ပတ်မြောက်သို့ ရောက်ရှိ

ပါရီ ၁၁ ဖေဖော်ဝါရီ 

 

ပြင်သစ်နိုင်ငံတစ်ဝန်းတွင်  အစိုးရဆန့်ကျင်ရေး အဝါရောင်ဝတ် ဆန္ဒပြလှုပ်ရှားမှုများ  ဆက်လက်ဖြစ်ပွား လျက်ရှိရာ  ယခုရက်သတ္တပတ်ဆိုလျှင်၁၃ ပတ်မြောက်သို့ ရောက်ရှိလာပြီဖြစ်သည်။

 

အဆိုပါ ၁၃ ပတ်မြောက် လှုပ်ရှားမှုအတွင်းတွင် ရဲအရာရှိများနှင့်  ဆန္ဒထုတ်ဖော်သူများအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ ဆန္ဒထုတ်ဖော်သူတစ်ဦး၏ လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရသည်ဟု မျက်မြင်သက်သေတစ်ဦးက    အေအက်ဖ်ပီသတင်းဌာနသို့ ယမံနေ့က ပြောကြားခဲ့သည်။

 

ပြီးခဲ့သော နိုဝင်ဘာလတွင် စတင်ခဲ့သောနိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်မှုများသည်  တဖြည်းဖြည်းအရေအတွက်  လျော့နည်းခဲ့သော်လည်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၏  မူဝါဒများကို  နှစ်သက်ခြင်း  မရှိသည့်အတွက်  ဆန္ဒထုတ်ဖော်မှုများ နိုင်ငံအဝန်း၌ ကျန်ရှိနေသေးကြောင်း သိရသည်။

 

ဆန္ဒထုတ်ဖော်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြစဉ် အချို့သော မျက်နှာဖုံးဝတ်  နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက  ပါလီမန်ရှေ့၌ ပိတ်ဆို့ထားသည့် အကာအကွယ်များကို  ဖျက်ဆီးရန်  ကြိုးစားခဲ့ကြသည်။ လုံခြုံရေးရဲအရာရှိများက မျက်ရည်ယိုဗုံးများနှင့် အငွေ့လက်ပစ်ဗုံးများ အသုံးပြုကာ လူစုခွဲခဲ့ရကြောင်း သိရသည်။

 

ထို့ပြင်  ဆန္ဒထုတ်ဖော်သူများက လမ်းလျှောက်    ဆန္ဒထုတ်ဖော်လျက်ရှိစဉ်  အချို့လူရမ်းကားများက လမ်းဘေး    ဝဲ၊ ယာရှိ မော်တော်ကားများ၊  အမှိုက်ပုံးများ၊ ဘတ်စ်ကား မှတ်တိုင်များ၊  ငွေထုတ်စက်များနှင့် ဈေးဆိုင်ပြတင်းတံခါးများကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း မျက်မြင်သက်သေများက ဆိုသည်။

 

ဖေဖော်ဝါရီ  ၉  ရက်တွင်  ဖြစ်ပွားခဲ့သည့်  ဆန္ဒထုတ်ဖော်မှု  ရက်သတ္တပတ် ၁၃ ပတ်မြောက် ဆန္ဒထုတ်ဖော်မှုအတွင်း ဆန္ဒထုတ်ဖော်သူ ၆၀  အား ဖမ်းဆီးထားကြောင်း ရဲအရာရှိများက ပြောကြားခဲ့သည်။    

     

အေအက်ဖ်ပီ