ပြင်သစ်နိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်မှုစိုးရိမ်ရသဖြင့် ကျောင်း၂၂ ကျောင်း ပိတ်လိုက်ရ

ပါရီ  ၅  စက်တင်ဘာ

ပြင်သစ်ပိုင်နယ်မြေများအတွင်းရှိ ကျောင်းပေါင်း ၂၂ ကျောင်းကို ကိုဗစ်-၁၉ ကူးစက်မှုစိုးရိမ်ရသဖြင့် ယခုသီတင်းပတ်အတွင်း ပိတ်လိုက်ရကြောင်း ပြင်သစ်ပညာရေးဝန်ကြီးက စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

ကျောင်းပေါင်း ၂၂ ကျောင်းထဲမှ ထက်ဝက်နီးပါးခန့်မှာ ပြင်သစ်ထိန်းချုပ်မှုအောက်ရှိ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ La Reunion ကျွန်းပေါ်မှ ကျောင်းများဖြစ်ကြသည်။ ပြင်သစ်နိုင်ငံအတွင်း ကျောင်းပေါင်း ၁၀ ကျောင်းနှင့် La Reunion ကျွန်းပေါ်မှ ကျောင်းပေါင်း ၁၂ ကျောင်းတို့ကို ပိတ်လိုက်ရသည်ဟု ပညာရေးဝန်ကြီး မီကယ်ဘလန်ကွာက ပြောသည်။

ကျောင်းများပြန်ပိတ် ယင်းနေရာများတွင် ကိုဗစ်-၁၉ ကူးစက်မှု ပြန်လည်တိုးလာသည့်အတွက် ကျောင်းများ ပြန်ပိတ်လိုက်ရခြင်း ဖြစ်သည်။ ပြင်သစ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ကျောင်းပေါင်း ၆၀၀၀၀ ကျော်ရှိသည်။ ကျောင်းများတွင် အတန်း ပေါင်း ၁၃၀ အထိ စာသင်ကြားမှုရပ်နားထားရပြီး ကျောင်းများတွင် နေ့စဉ် ကိုဗစ်-၁၉ နှင့် ဆက်စပ်သည့်အမှုပေါင်း ၂၅၀ နီးပါးကို နေ့တိုင်းဖြေရှင်းနေရသည်။

ကူးစက်မှုပြန်တိုးလာ ပြင်သစ်နိုင်ငံတွင် လက်တလောကိုဗစ်-၁၉ ကူးစက်မှု ပြန်လည်တိုးလာပြီး စက်တင်ဘာ ၃ ရက်က နောက်ထပ်ကူးစက်မှုပေါင်း ၇၁၅၇ ဦး တွေ့ရှိခဲ့ပြီး နိုင်ငံတစ်ဝန်း ပိတ်ဆို့ကန့်သတ်မှုများကို မပြုလုပ်ဘဲ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်သွားမည်ဟု ပြင်သစ်အာဏာပိုင်များက ပြောသည်။

အေအက်ဖ်ပီ