ဇွန် ၂၅
ပြင်သစ်နိုင်ငံတွင် ပထမဆုံးအတည်ပြုထားသော အီဘိုလာရောဂါပိုးကူးစက်ခံရသူကို ယမန်နေ့ကတွေ့ရှိခဲ့ကြောင်း ကြေညာခဲ့သည်။
ထိုလူနာသည် အီဘိုလာကူးစက်ဖြစ်ပွားမှုနှင့်ရင်ဆိုင်နေရသော ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒီအာစီမှ ပြန်လာသည့် ဆရာဝန်တစ်ဦးဖြစ်သည်ဟု သိရသည်။
ယခုလက်ရှိ အီဘိုလာရောဂါကူးစက်မှုအတွင်း အာဖရိကတိုက်အပြင်ဘက်၌ ပထမဆုံးအကြိမ် တွေ့ရှိအတည်ပြုထားသော သေစေနိုင်သည့်ရောဂါဖြစ်ပွားမှုဖြစ်ပြီး ယူဂန္ဓာနိုင်ငံကိုလည်း သက်ရောက်ထိခိုက်ခဲ့သည်။
ပြင်သစ်နိုင်ငံတွင် အီဘိုလာရောဂါပိုး တွေ့ရှိခြင်းမှာလည်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။
၂၀၁၄ ခုနှစ်က အနောက်အာဖရိကတွင် အီဘိုလာရောဂါ အကြီးစားဖြစ်ပွားမှုကာလအတွင်း လူနာနှစ်ဦးကို ပြင်သစ်နိုင်ငံသို့ လွှဲပြောင်းပို့ဆောင်ခဲ့သော်လည်း ၎င်းတို့မှာ ပြင်သစ်နိုင်ငံသို့ ရောက်ရှိမလာမီကပင် အီဘိုလာရောဂါ ကူးစက်ခံထားရကြောင်း အတည်ပြုထားပြီး ဖြစ်သည်။
အေအက်ဖ်ပီ သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအရ ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါ အီဘိုလာရောဂါဖြစ်ပွားမှုကို ပြင်သစ်ပြည်မကြီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရောဂါဖြစ်ကြောင်း တရားဝင်အတည်ပြုချက် မထွက်ရှိမီကတည်းကပင် ယင်းဆရာဝန်အား ပြင်သစ်နိုင်ငံသို့ ရောက်ရှိချိန်တွင် သီးခြားခွဲထားကာစောင့်ကြည့်ထားခဲ့ကြောင်းလည်း ထိုဝန်ကြီးဌာနက ထပ်လောင်းပြောကြားသည်။
ပြင်သစ်ဝန်ကြီးချုပ် ဆီဘက်စတီယန် လက်ကိုနူးက ယင်းအခြေအနေကို အလွန်နီးကပ်စွာ စောင့်ကြည့်လျက်ရှိသည်ဟု ၎င်း၏ရုံးကထုတ်ပြန်ပြောကြားခဲ့သည်။
သတ္တုသယံဇာတများ ကြွယ်ဝသော်လည်း လုံခြုံရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများရှိနေသည့် ဒီအာစီနိုင်ငံ၏ အရှေ့ပိုင်း အီတူရီပြည်နယ်တွင် အကြောင်းမသိရသေးသော သေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံ၏ ၁၇ ကြိမ်မြောက် အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားမှုကို မေလ ၁၅ ရက်နေ့တွင် တရားဝင် ကြေညာခဲ့သည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-မြင့်မြင့်ချို


