ပြင်သစ်နိုင်ငံတွင် ယခုနှစ်နွေရာသီအတွင်း အပူလှိုင်းကြောင့် လူ ၁၄၀ဝ ကျော် သေဆုံး

ပါရီ ၁၀ စက်တင်ဘာ

ပြင်သစ်နိုင်ငံတွင် ယခုနှစ်နွေရာသီအတွင်း အပူလှိုင်း နှစ်ခုဖြတ်ခဲ့ရာ ယင်းနှင့်ဆက်စပ်မှုများကြောင့် လူပေါင်း ၁၄၃၅ ဦး သေဆုံးခဲ့ရသည်ဟု ပြင်သစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ယခုနှစ်အတွင်း စံချိန်တင်အပူချိန် မြင့်တက်မှုသည် ပြင်သစ်နိုင်ငံနှင့် ဥရောပအစိတ်အပိုင်းအချို့တွင် ဇွန် ၂၄ ရက်မှ ဇူလိုင် ၇ ရက်အထိ လည်းကောင်း၊ ဇူလိုင် ၂၁ ရက်မှ ၂၇ ရက်အထိလည်းကောင်း ဖြစ်ပေါ်ခဲ့သည်။ အပူလှိုင်းနှစ်ခုဖြတ်စဉ်အတွင်း သေဆုံးမှုများမှာ ပုံမှန်အခြေအနေထက် ၉ ဒသမ ၁ ရာခိုင်နှုန်းမြင့်မားကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ်အတွင်း ပြင်သစ်နှင့် ဥရောပ နိုင်ငံအချို့တွင် စံချိန်တင်အပူချိန်မြင့် တက်မှုနှင့် ကြုံတွေ့ ခဲ့ရခြင်းဖြစ်သည်။ ဇွန် ၂၈ ရက်တွင် ပြင်သစ်နိုင်ငံတောင်ပိုင်း၌ အပူချိန်မှာ ၄၅ ဒသမ ၉ ဒီဂရီ ဆဲစီးရပ်စ် အထိရှိခဲ့ကြောင်း ပြင်သစ်အမျိုးသား ရာသီဥတုဌာနမှ သိရသည်။

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် အပူချိန်မြင့်မားမှု ပိုမိုဖြစ်ပေါ်လာမည်ကို ရာသီဥတုပညာရှင်များက စိုးရိမ်ကြသည်။ အပူချိန်မြင့်တက်လာမှုကို ကမ္ဘာ့တိုက်ကြီးများတွင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိပေ။ အပူချိန်မြင့်မား မှုကြောင့် ပြည်သူ့သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှာလည်း ရပ်တန့်သွားနိုင်သည်။

သက်ကြီးရွယ်အိုများမှာ အပူဒဏ်ကို ခံစားရမှုအများဆုံးပင်ဖြစ်သည်။ နွေရာသီအတွင်း အပူရှိန် မြင့်တက်မှု နှင့်ဆက်စပ်ပြီး သေဆုံးခဲ့သူလူပေါင်း ၉၇၄ ဦးမှာ အသက် ၇၅ နှစ်နှင့်အထက် လူများဖြစ်ကြောင်း၊ လူ ၁၀ ဦးမှာ အလုပ်လုပ်ကိုင်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

အလုပ်လုပ်ရင်းသေဆုံးသူ ၁၀ ဦး အနက် ရှစ်ဦးမှာ ပထမအပူလှိုင်းဖြတ်စဉ် သေဆုံးခဲ့ခြင်းဖြစ်ပြီး နှစ်ဦးမှာ ဒုတိယ အပူလှိုင်းဖြတ်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။ အများစုမှာ အပြင်ဘက်တွင် အလုပ်လုပ်ကိုင်နေစဉ် သေဆုံးခဲ့ခြင်း ဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် ယခုလို ကြောက်မက်ဖွယ်ကောင်းသည့် အပူလှိုင်းမျိုး ယခင်ကလည်း ကြုံတွေ့ခဲ့ဖူးသည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် နွေရာသီတို့တွင် အပူချိန်မြင့်တက်မှုကြောင့် သေဆုံးနှုန်းမှာ ၁၀ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်း အသီးသီးစီရှိခဲ့ကြသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

စီအင်န်အင်န်