ပြင်သစ်သမ္မတဟောင်း ဂျက်ရှီရက်ရဲ့ ဈာပနအခမ်းအနားကို ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်

၁ အောက်တိုဘာ

 

ပြင်သစ်သမ္မတဟောင်း ဂျက်ရှီရက် ရဲ့ ဈာပနကို နိုင်ငံတော်ဝမ်းနည်းမှု အခမ်းအနားအဖြစ် မနေ့က ကျင်းပခဲ့ရာ ရုရှသမ္မတပူတင်အပါအဝင် ကမ္ဘာ့ခေါင်းဆောင် အများအပြားတက်ရောက်တာကို တွေ့ရပါတယ်။ တနင်္လာနေ့ နေ့ခင်းပိုင်းမှာ ပြင်သစ်နိုင်ငံတစ်ဝန်းရှိ ကျောင်းတွေနဲ့ လူအများနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ တစ်မိနစ်ငြိမ်သက်ပြီး ရှီရက်ကို အလေးပြုကြပါတယ်။

 

သမ္မတဟောင်း ရှီရက်ရဲ့ ခေါင်းတလားကို ပဲရစ်မြို့ရှိ စိန့်ဆူးပီစ်ဘုရားကျောင်းကို မယူခင် အင်ဗဲလစ်ဒီ စစ်ဆေးရုံ နဲ့ ပြတိုက်မှာ လူပေါင်း ၇၀ဝ၀ လောက်က လာရောက် နှုတ်ဆက်ခဲ့ကြောင်း သိရပါတယ်။

 

ပြင်သစ်နိုင်ငံတော်အလံဖုံးအုပ်ထားတဲ့  ရှီရက်ရဲ့ ခေါင်းတလားကို သူ့ရဲ့ ကိုယ်ရံတော်ဟောင်းတွေက ဘုရားကျောင်းထဲကို သယ်ဆောင်ရာ မြို့လူထု ၁၀ဝ၀ လောက်က ဘုရားကျောင်း ဝန်းကျင်မှာ လာရောက် ကြည့်ရှုပါတယ်။

 

ပြီးခဲ့တဲ့ကြာသပတေးနေ့က ကွယ်လွန်တဲ့ ဂျက်ရှီရက်ဟာ သမ္မတအဖြစ် ၁၉၉၅ ခုနှစ်ကနေ ၂၀ဝ၇ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး နိုင်ငံရေးသမားအဖြစ် နှစ်ပေါင်း၄၀ ကြာ တာဝန်ယူခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ရှီရက်ဟာ အသက် ၈၆ နှစ်ရှိပြီဖြစ်ပါတယ်။

 

ရှီရက်ရဲ့ ဈာပနကို တက်ရောက်လာတဲ့ အမေရိကန်သမ္မဟောင်း ဘီလ်ကလင်တန်က ရှီရက်ဟာ ဘော်လ်ကန်စစ်ပွဲပြီးဆုံးအောင် လုပ်ဆောင်ခဲ့သူဖြစ်တယ်။ G7 အဖွဲ့ထဲမှာ ရုရှားပါလာအောင် လုပ်ဆောင်ရာမှာ ရှီရက်က အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်။ သူဟာ အကောင်းမြင်သမားဖြစ်တယ်။ ပြင်သစ်စစ်စစ်ဖြစ်တယ်။ ပြင်သစ်နိုင်ငံသားတွေအတွက် အမြဲကာကွယ်တယ်။ ကာကွယ်တယ်ဆိုရာမှာ လူတွေအားလုံးပါဝင်အောင် လုပ်ပြီးမှ ကာကွယ်တာ မောင်းထုတ်ပြီးမှ ကာကွယ်တာမဟုတ်ဘူး။ ရှီရက်ကို သတိရနေပါလို့ ပြောသွားပါတယ်။

 

MDN

ကိုးကား - AFP