ပြင်သစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၁၄၁ ဦး ထပ်မံသေဆုံး

၁၈ ဇန်နဝါရီ

 

 

ပြင်သစ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၆၄၂ ဦးနှင့် သေဆုံးသူ ၁၄၁ ဦး ရှိကြောင်း ပြည်သူ့ ကျန်းမာရေး အေဂျင်စီက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

 

 

နိုင်ငံအတွင်း ယခုချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၉၁၀၉၈၉ ဦး ရှိပြီး သေဆုံးသူပေါင်း ၇၀၂၈၃ ဦး ရှိသည်။

 

 

ပြီးခဲ့သည့် ခုနစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေသူ ၁၄၁၈ ဦး အပါအဝင် နိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် တက်ရောက်ကုသနေသူ ၉၆၃၁ ဦး ရှိကြောင်း ထိုအေဂျင်စီက ထပ်လောင်းပြောကြားခဲ့သည်။

 

 

ဒီဇင်ဘာလနှောင်းပိုင်း ကာကွယ်ဆေး ထိုးနှံပေးသည့် အချိန်မှစတင်ကာ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၄၂၂၁၂၇ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

 

 

ဇန်နဝါရီ ၁၈ ရက်မှ စတင်ကာ ရောဂါပြင်းထန်စွာ ခံစားနေရသည့် နိုင်ငံသား ၈၀၀၀၀၀ နီးပါးအပြင် နေအိမ်များတွင် နေထိုင်နေကြသည့် အသက် ၇၅ နှစ်အရွယ်များကို ကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်သည်။

 

 

ပြင်သစ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပမာဏ သန်း ၂၀၀ ခန့် မှာကြားထားကြောင်းနှင့် ယခုအချိန်အထိ ကာကွယ်ဆေးပမာဏ ၁၆၅၁၀၀၀ ရရှိပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂၃၇ မျိုး ထုတ်လုပ်နေဆဲဖြစ်ပြီး ထိုကာကွယ်ဆေးများအနက် ကာကွယ်ဆေး ၆၄ မျိုးကို ဂျာမနီ၊ တရုတ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံများတွင် လက်တွေ့ စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဇန်နဝါရီ ၁၅ ရက်က ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို