ပင်းတယမြို့နယ်၌ ဒေသ၊ ရာသီဉတုနှင့်ကိုက်ညီသော နိုင်ငံခြားမျိုးဝင်သစ်ခွပန်းမျိုးစုံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပင်းတယ  ဒီဇင်ဘာ  ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွာငယ် ရပ်ကွက်ရှိ  “တော်ဝင်ချယ်ရီ” သစ်ခွခြံ၌ ထိုင်းနိုင်ငံမျိုးဖြစ်သည့် သစ်ခွပန်းမျိုးစုံနှင့် သစ်ခွပျိုးပင်များအား ပျိုး ထောင်စိုက်ပျိုးရောင်းချလျက်ရှိရာ အနီးပတ်ဝန်းကျင်မှ ဒေသနေပြည်သူများ ထိုစိုက်ပျိုးရေးခြံ၌ လာရောက်လုပ်ကိုင်ခြင်းဖြင့်  အလုပ်အကိုင်အခွင့် အလမ်း ရရှိစေသည့်အပြင် ကိုဗစ်ကာလ မိသားစု စား၊ ဝတ်၊ နေရေး၊ လူမှုစီးပွား ဘဝအဆင်ပြေ လျက်ရှိကြောင်းသိရသည်။

ပင်လယ်ရေ မျက်နာပြင်အထက်ပေ (၃၈၈၀) ၌တည်ရှိသော ချမ်းအေးသောတောင်ပေါ် ဒေသ ဖြစ်သည့် ပင်းတယမြို့နယ်တွင် ဒေသနှင့်ကိုက်ညီသော သီးပင်၊စားပင်နှင့် ပန်းမန်များ မျိုး ကောင်း မျိုးသန့်များ ရရှိရန်အတွက် စိုက်ပျိုးရေးနည်း ပညာများအသုံးပြု၍ ဒေသထွက် သီးနှံ များအပြင်၊ ပြည်ပနိုင်ငံမှ မှာယူထားသောမျိုးစိပ်များအား စမ်းသပ် စိုက်ပျိုးကြလျက်ရှိသည်။ 

ရွာငယ်ရပ်ကွက်ရှိ  သစ်ခွပန်းမျိုးစုံနှင့် သစ်ခွပျိုးပင်များ စိုက်ပျိုးရောင်းချလျက်ရှိသော “တော်ဝင်ချယ်ရီ” သစ်ခွခြံတွင် ထိုင်းနိုင်ငံမှ မှာယူထားသော မျိုးစိတ် သစ်ခွပန်းမျိုးများဖြစ်သည့် ဒန်ဒရိုသစ်ခွ၊ ဂျိုရစ် သစ်ခွ၊ မိုကာရာသစ်ခွ၊ ဗန်ဒါသစ်ခွ စသည့် သစ်ခွပန်းပင်များအား စိုက်ပျိုးထားပြီး၊ သစ်ခွ တစ်ပွင့်လျှင် (၅၀၀) ကျပ်နှုန်း၊ သစ်ခွပျိုး ပင်တစ်ပင်လျှင်  အမျိုးအစား ပေါ်မူတည်၍ ( ၃၅၀၀) ကျပ်မှ (၈၀၀၀) ဝန်းကျင်ခန့်ထိ ဈေးနှုန်းရှိကြောင်းသိရသည်။ 

အလှူပွဲများ၊ မင်္ဂလာပွဲများ၊ ဘွဲ့နှင်း သဘင်အခမ်းအနား များပြုလုပ် သည့်အချိန်တွင် သစ်ခွပန်းများပိုမို ရောင်းချရကြောင်းနှင့် ရာသီမရွေးလာရောက် ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။ 

“တော်ဝင်ချယ်ရီ” သစ်ခွခြံပိုင်ရှင် ဒေါ်စန်းစန်းအေးက သီးပင်၊စားပင်၊ ပန်းမန်များ စိုက်ပျိုး ရောင်းချ၊ ရရှိသည့်ဝင်ငွေပေါ်တွင် စီးပွားဖြစ်ရပ်တည်ခြင်းမရှိဘဲ၊ ဒေသနေ တိုင်းရင်းသား လူငယ် ၊ လူရွယ်များအလုပ်အကိုင်အခွင့်အလမ်းရရှိပြီး လူမှု၊ စီးပွား ဘဝ ဖူလှုံ မြင့်မား စေရန် အဓိကရည်ရွယ် ၍ စိုက်ပျိုးရေးအား ဝါသနာအရင်းခံ ပရဟိတစိတ်ဖြင့် ပြုစုပျိုးထောင် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ၊ တစ်နိုင် တစ်ပိုင်မိသားစု စီးပွားရေးလုပ်ကိုင်လိုသူများအနေဖြင့်လည်း လာရောက် လေ့လာနိုင် ကြောင်းနှင့် ဒေသဖွံဖြိုးရေး အတွက် အရိပ်ရသစ်ပင်ပျိုးပင်များ အားအသက်သာဆုံး ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးနေကြောင်း သူမ၏ ရည်ရွယ်ချက်အားပြောပြသည်။ ထိုစိုက်ပျိုးရေးခြံတွင် သစ်ခွပန်း ပင်များအပြင် အော်ဂဲနစ် စားသီးနှံဖြစ်သည့် သလဲသီး၊ နဂါးမောက်သီး၊ ကိုင်း မျိုးဆက် ထော ပတ်သီး၊ ပင်မှည့်သီး၊ မာကလာသီး၊ ပန္နဲသီး၊ အိန္ဒိယ ဒန့်သလွန်သီး၊ စသည့်သီးနှံများ အား လည်း စိုက်ပျိုးပြီး ပတ်ဝန်းကျင် ဒေသများအပြင် ရန်ကုန်မြို့ရှိ ( City Mark) သို့လည်း တင်ပို့ ရောင်းချ လျက်ရှိကြောင်းသိရသည်။ 

ပင်းတယ (ဒေသ ပြန်/ ဆက်)