ပင်းတယမြို့နယ်၌ ပန်းမုန်လာပွင့် (ပန်းဂေါ်ဖီ)များ ဧကအများအပြားစိုက်ပျိုးထားရှိ

ပင်းတယ မေ ၁၃

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ပန်းမုန်လာပွင့် (ပန်းဂေါ်ဖီ)များ အများအပြား စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

ပန်းမုန်လာပွင့် (ပန်းဂေါ်ဖီ)များ စိုက်ပျိုးရာတွင်  တောတောင်ယာမြေများတွင်သာမက၊ မိမိတို့အိမ်ခြံမြေ အတွင်း မြေလွတ်များတွင်ပါ စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးပြီး တစ်လခွဲခန့်အချိန်တွင် ခုတ်ယူရောင်းချနိုင်ကြောင်း၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် အနည်းဆုံး ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ စျေးနှုန်းရှိပြီး စျေးနှုန်းအတက်အကျရှိကြောင်း၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချကြပြီး စိုက်ခင်းပြတ်စျေးဖြင့်လည်း ကုန်သည်ပွဲစားများက အခင်းထဲသို့ လာရောက်ဝယ်ယူကြကြောင်း ရေချမ်းစင်ကျေးရွာ ပန်းဂေါ်ဖီစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။

 

ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊  ပင်းတယမှထွက်ရှိသော ပန်းမုန်လာပွင့် (ပန်းဂေါ်ဖီ)များအား အောင်ပန်းပွဲရုံမှ ရန်ကုန်မြို့သို့လည်းကောင်း၊ ရွာငံ၊ ဟန်မြင့်မို၊ ကျောက်ဆည်လမ်းမှ တဆင့် မန္တလေးမြို့ပွဲရုံများသို့ လည်းကောင်း၊ ထိုမှတဆင့် မြန်မာပြည်အနှံ့နယ်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း  သိရသည်။

 

ပင်းတယမြို့နယ်ရှိ တမဲ၊ သရက်ကုန်း၊ ရေချမ်းစင်၊ ဝါးပြား၊ ရေဖြူ၊ ဇော်ဂျီ၊ ရွှေပုထိုး၊ ပွေးလှ၊ ပွေးပြတ်၊ တောင်ပေါ်ကြီး၊ ပန်းစစ်၊ စသည့် ကျေးရွာများတွင် ပန်းမုန်လာပွင့်(ပန်းဂေါ်ဖီ)များအား ဧကအများအပြား စိုက်ပျိုးကြသည်။

 

အေးအေးလတ်(ပင်းတယ)