ပင်းတယမြို့နယ်ထွက် ပန်းမုန်လာပွင့် (ပန်းဂေါ်ဖီ) များ ပြည်တွင်းဒေသများသို့ တင်ပို့ရောင်းချ

ပင်းတယ ဇူလိုင် ၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ဒေသထွက်သီးနှံများအား ရာသီအလိုက် စိုက်ပျိုးထားရှိပြီး တခြားဒေသများသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

 

ပင်းတယမြို့နယ်အနီး ကျေးရွာများဖြစ်သည့် တမဲ၊ သရက်ကုန်း၊ ရေချမ်းစင်၊ ဝါးပြား၊ ရေဖြူ၊ ဇော်ဂျီ၊ ရွှေပုထိုး၊ ပွေးလှ၊ ပွေးပြတ်၊ တောင်ပေါ်ကြီး၊ ပန်းစစ် စသည့် ကျေးရွာများတွင် ပန်းမုန်လာပွင့် (ပန်းဂေါ်ဖီ) များ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်သည်။ တော၊ တောင် ယာမြေများတွင်သာမက မိမိတို့ အိမ်ခြံမြေအတွင်း မြေလွတ်များတွင်ပါ အများအပြားစိုက်ပျိုးကြသည်။

 

ပန်းဂေါ်ဖီ တစ်ပွင့်လျှင် အနည်းဆုံး ကျပ် ၃၀၀ မှ ၅၀၀ အထိ စျေးနှုန်းရှိပြီး စျေးနှုန်းအတက်အကျရှိကြောင်း၊ အဓိက ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချကြောင်းနှင့် စိုက်ခင်းပြတ်စျေးဖြင့်လည်း ကုန်သည်ပွဲစားများက အခင်းထဲသို့ လာရောက်ဝယ်ယူကြကြောင်း ရေချမ်းစင်ကျေးရွာ ပန်းဂေါ်ဖီစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။

 

ပန်းဂေါ်ဖီများ စိုက်ပျိုးရာ၌ မြေတစ်ဧကတွင် အပင်ရေ (၁၀၀၀၀) မှ (၁၂၀၀၀) အထိ စိုက်ပျိုးနိုင်ပြီး ရင်းနှီးငွေကျပ် ဆယ်သိန်းဝန်းကျင် ကုန်ကျခံ စိုက်ပျိုးရကြောင်း၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ် ၂၀၀ မှ ၃၀၀ ခန့် စျေးနှုန်းဖြင့် ကုန်သည်ပွဲစားများနှင့် ချိတ်ဆက်၍ မှာယူသည့်မြို့နယ် ကုန်စိမ်းစျေးများအထိ ဖောက်သည်တင်ပို့ရောင်းချပေးရကြောင်း သိရသည်။

 

စိုက်ပျိုးရေးအခြေခံ ဖြစ်ထွန်းအောင်မြင်မှသာ ကုန်ထုတ်စွမ်းအား မြှင့်တင်နိုင်မည်ဖြစ်၍ ထိုမှတစ်ဆင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကောင်းလျှင် စီးပွားရေးဖွံဖြိုးတိုးတက်မည် ဆိုသကဲ့သို့ပင် ပင်းတယမြို့နယ်အနီး ကျေးရွာများသည် သီးနှံမျိုးစုံစိုက်ခင်းများ ဧကအများအပြား စိုက်ပျိုးထုတ်လုပ် ရောင်းချခြင်းဖြင့် အိမ်တွင်းမိသားစု စားဝတ်နေရေး ပြေလည်ကြောင်း၊ ပင်းတယမှထွက်ရှိသော ပန်းမုန်လာပွင့် (ပန်းဂေါ်ဖီ)များအား အောင်ပန်းပွဲရုံမှ ရန်ကုန်မြို့သို့လည်းကောင်း၊ ရွာငံ၊ ဟန်မြင့်မို၊ ကျောက်ဆည်လမ်းမှတစ်ဆင့် မန္တလေးမြို့ပွဲရုံများသို့ လည်းကောင်း၊ ထိုမှတဖန် မြန်မာပြည်အနှံ့ နယ်မြို့များသို့ ဖောက်သည်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

 

အေးအေးလတ်

ပင်းတယ(ခရိုင်ပြန်/ဆက်)

 

mnd