ပြင်ဦးလွင်၊ ပင်လောင်း၊ တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ၁၅ ဧပြီ

 

ပိတ်ချင်းမြောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၃ ရက် ည ၁၀ နာရီက ည ၁၀ နာရီက ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာ၊ မန္တလေး - လားရှိုးကားလမ်း၊ ဘုရားကြီးလမ်းဆုံတွင် ထွန်းထွန်းအောင် (ခ) ဖိုးသား (ခ) မိုဟာမက်ကဖိ မောင်းနှင်ပြီး စူတူး (ခ) ဝင်းနိုင်နှင့် အောင်ဖြိုးသူ (ခ) နောင်နောင် (ခ) နော်နော်တို့ လိုက်ပါလာသော Mark II အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၉၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်။

 

အလားတူ ဧပြီ ၁၄ ရက် မွန်းလွဲပိုင်းက မူးယစ်တပ်ဖွဲ့စု (၂၆) ပင်လောင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ခေါ်ပူကျေးရွာနေ ခွန်မောင်ဌေး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၆၀ ကိုလည်းကောင်း၊ ဧပြီ ၁၃ ရက် ညပိုင်းက တပ်မတော်မှ တာချီလိတ်မြို့နယ်၊ တာလေ-ကျိုင်းလပ်သွား ကားလမ်းမ နန်ဟတံတားအနီးတွင် မြင့်အောင် (ခ) အိုက်ဆမ်ကျောက် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ AUSTRUA GlOCK  တံဆိပ်ပါ  ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၃ တောင့်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၉၆ ပြားသိမ်းဆည်း ရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(သတင်းစဉ်)