နေပြည်တော် မတ် ၄
ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၆၀၂၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီးတွင် ယောဘ (၂၁) နှစ်၊ ဘူတာရပ်ကွက် နောင်ချိုမြို့နယ်နေသူ မောင်းနှင်လာသော ISUZU D-MAX ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၄ ဒသမ ၉ ကီလို (တစ်ကီလိုလျှင်ငွေကျပ်သိန်း ၂၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၂၂၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၁၉၈၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၄၇၉၇ သိန်း) နှင့် မြန်မာငွေကျပ် ငါးသိန်းတို့ကို ဖမ်းဆီးရမိသဖြင့် ယောဘ (၂၁) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ထို့အတူ မတ် ၃ ရက် ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လားရှိုးမြို့ အာရုံတော်ရပ်ကွက်ရှိ ဘရန်ဆိုင်း (ခ) အားရင် (၃၀) နှစ် ငှားရမ်းနေထိုင်သည့် နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၈၀၀ (တစ်ပြားလျှင်ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၈၈ သိန်း)၊ ဘိန်းဆီခဲ ဂရမ် ၆၀ (တစ်ဂရမ်လျှင်ငွေကျပ် ၁၈၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၀၈ သိန်း)၊ အဆင့်နိမ့်ဘိန်းခပ်ခူး ဂရမ် ၄၅၀ (တစ်ဂရမ်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၂၅ သိန်း) တို့ကို သိမ်းဆည်းရမိသဖြင့် ဘရန်ဆိုင်း (ခ) အားရင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။
အလားတူ မတ် ၃ ရက် ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လွိုင်ကော်မြို့၊ ဧက (၅၀၀) ရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ မလင်းလင်းစိုး (၄၄) နှစ် လောပိတစံပြကျေးရွာ မထောခူကျေးရွာအုပ်စု လွိုင်ကော်မြို့နယ်နေသူကို စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၁၉၀ (တစ်ပြားလျှင်ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၅၁ ဒသမ ၉ သိန်း) ကို သိမ်းဆည်းရမိသဖြင့် မလင်းလင်းစိုးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်


