ပြင်ဦးလွင်မြို့ရှိ စပျစ်ခြံများတွင် ကိုယ်တိုင်ခူးဆွတ် ဝယ်ယူနိုင်မှုကြောင့် လာရောက်လေ့လာ အပန်းဖြေသူများ ပိုမိုများပြားလာ

ပြင်ဦးလွင် ၂၇ ဇူလိုင်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ စပျစ်ခြံများတွင် လှပစွာစိုက်ပျိုးထားသည့် စပျစ်သီးနှံများအား ကိုယ်တိုင်ခူးဆွတ် ဝယ်ယူနိုင်မှုကြောင့် လာရောက်လေ့လာ အပန်းဖြေသူ ပိုမိုများပြားလာကြောင်း ပြင်ဦးလွင်မြို့ ဆင်ခေါင်းလေးကျေးရွာရှိ ရွှေပြင်ဦးလွင် စပျစ်ခြံပိုင်ရှင် နန်းခမ်းလူက ပြောကြားသည်။

ပြင်ဦးလွင်မြို့သည် အေးချမ်းသည့် ရာသီဥတုနှင့်အတူ လှပသည့် သဘာဝအမွေအနှစ်များ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ အောင်မြင်ဖြစ်ထွန်းသည့် ပန်းမျိုးစုံ ဖူးပွင့်ဝေဆာမှုများကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ၊ နွေရာသီကာလတွင် အဓိက လာရောက်အပန်းဖြေကြသည့် ဒေသတစ်ခုဖြစ်ပြီး ယခုအခါ အဆိုပါဒေသတွင် စိုက်ပျိုးထားရှိသည့် လိမ္မော်၊ စပျစ်ခြံများသို့လည်း ပြည်တွင်းခရီးသွားများ ရာသီမရွေးလာရောက်၍ အနားယူအပန်းဖြေမှုများ ရှိလာကြောင်း သိရသည်။

''ပြည်တွင်းခရီးသွားတွေအနေနဲ့ ပြင်ဦးလွင်မြို့မှာရှိတဲ့ ကန်တော်ကြီး ပန်းဥယျာဉ်၊ ရေတံခွန်တွေ ရှေးဟောင်း ဥရောပအဆောက်အအုံတွေ စတဲ့နေရာတွေကို အများဆုံးလာရောက် အပန်းဖြေကြပေမယ့် လွန်ခဲ့တဲ့နှစ်ကစပြီး ဥယျာဉ်ခြံတွေကိုလည်း လူငယ်တွေ အများဆုံး လာရောက်လည်ပတ်ကြတာကို တွေ့ရပါတယ်။ ကျွန်မတို့ စပျစ်ခြံက ၅ ဧက ကျယ်ဝန်းပြီး စနစ်တကျ စိုက်ပျိုးထားတဲ့ စပျစ်သီးနှံတွေက ဆွဲဆောင်မှုရှိတဲ့အတွက် လာရောက်အပန်းဖြေလေ့လာကြပြီး ရုံးပိတ်ရက်နဲ့ အခါကြီးရက်ကြီးတွေမှာ လာရောက်သူ ၁၀ဝ ကျော်အထိ ရှိလာပါတယ်။ ဝင်ကြေးအနေနဲ့ မကောက်ပေမယ့် စပျစ်သီးဝယ်မယ့်သူတွေကိုပဲ ဝင်ရောက်လေ့လာခွင့်ပြုပြီး ကိုယ်တိုင်စိတ်ကြိုက် ရွေးချယ်ပြီး ခူးဆွတ်ဝယ်ယူနိုင်တဲ့အတွက် ပျော်ရွှင်စွာ ဝယ်ယူအားပေးကြပါတယ်'' ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါ စပျစ်ခြံ၌ စပျစ်အမျိုးအစား ၅ မျိုးခန့် စိုက်ပျိုးထားပြီး ၎င်းတို့အနက် အရွယ်အစားကြီးမား၍ အချိုအရသာပိုမိုကောင်းမွန်သည့် ဂျပန်စပျစ်သီးကို ဝယ်ယူသူများပြားခြင်းကြောင့် အဆိုပါ စပျစ်ခြံမှ နှစ်စဉ်ထွက်ရှိသည့် စပျစ်ပိဿာချိန် ၄၀ဝ၀ ခန့်သည် လာရောက်အပန်းဖြေသူများ၏ ဝယ်ယူအားပေးမှုဖြင့် ရပ်တည်နိုင်ကြောင်းနှင့် လက်ရှိပေါက်ဈေးအရ ဂျပန်စပျစ်သီး တစ်ပိဿာလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ကိုယ်တိုင်ခူးဆွတ်ဝယ်ယူနိုင်ကြောင်း သိရသည်။

MDN
ဓာတ်ပုံ- ကိုယ်ပွား(မန္တလေး)