ပြင်ဦးလွင်မြို့သို့ နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာ

ပြင်ဦးလွင် ၈ ဖေဖော်ဝါရီ

 

ပြင်ဦးလွင်မြို့သို့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုသည် တစ်နှစ်ထက်တစ်နှစ် များပြား တိုးလျက်ရှိနေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြင်ဦးလွင်ရုံးခွဲ တာဝန်ခံအရာရှိ ဦးကျော်ဆန်း၏ ပြောကြားချက်အရ သိရသည်။

 

“၂၀၁၆ ခုနှစ် စာရင်းအရ ပြင်ဦးလွင်ကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားဦးရေ ၁၈၆၁၃ ဦးရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ စာရင်းချုပ်လိုက်တော့ ၂၀၂၄၂ ဦး ရှိနေတာကို တွေ့ရတယ်။ ၂၀၁၇ ခုနှစ်မှာ (၁၆၀ဝ ကျော် တိုးလာပါတယ်။ အရင်နှစ်ဟောင်းတွေနဲ့ နှိုင်းစာလိုက်ရင်လည်း တစ်နှစ်ထက်တစ်နှစ် တိုးလာတာကို တွေ့ရတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန၊ ပြင်ဦးလွင်ရုံးခွဲအနေနဲ့ကတော့ ရောက်ရှိလာကြတဲ့ နိုင်ငံခြားသား ခရီးသည်တွေကို လိုအပ်ရင် လိုအပ်သလို ကူညီဆောင်ရွက်ပေးနေပါတယ်”ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

 

ပြင်ဦးလွင်သို့ လာရောက်ကြသည့် နိုင်ငံခြားသား ခရီးသည်များတွင် တရုတ်၊ ထိုင်း၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန် စသည့် နိုင်ငံများမှ အများဆုံးဖြစ်ပြီး ပြင်ဦးလွင်၏ အထင်ကရ နေရာများဖြစ်သော အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ပွဲကောက်ရေတံခွန်၊ ပိတ်ချင်းမြောင် သဘာဝလှိုဏ်ဂူ စသောနေရာများ မြို့ပတ်ဝန်းကျင် ရှမ်းရွာ၊ စိုက်ခင်းများနှင့် ပရဟိတ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းများသို့ အများဆုံး သွားရောက်လေ့လာ လည်ပတ်လေ့ရှိကြောင်း သိရသည်။

 

 သက်နိုင်(ပြင်ဦးလွင်)